အလုံမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

အလုံ အောက်တိုဘာလ ၁၄

လူငယ်များ အသိပညာဗဟုသုတများနှင့် ပြည့်စုံပြီး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက အလုံမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ အနန္တပညာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။ ရှေးဦးစွာ အခမ်းအနားတွင် အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ဦးဆန်းထွန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဟောပြောပွဲကို ပြုလုပ်ရာ အလုံမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊  အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကျော်ကျော်က လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းကို လည်းကောင်း၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ချိုက လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေးအ‌ကြောင်းကို လည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ဥာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်းနှင့် ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများချီးမြှင်ခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် အ-ထ-က()အလုံ ကျောင်းအုပ်ဆရာကြီး ဦးကျော်ကျော်ထိန်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသသည့် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်များကို လေ့လာကြည့်ရှုခဲ့ပြီး အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊  ခေတ္တမြို့နယ်ပညာရေးမှူး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို  (ပြန်/ဆက်)