မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့၊ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

မော်လမြိုင် အောက်တိုဘာ ၁၄

မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ ဆေးရုံအင်္ဂါရပ်နှင့်ကိုက်ညီမှုရှိပြီး ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံကြီး၊ ဆေးရုံပုရဝုဏ်အတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းမှုဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီနှင့် အရပ်ဖက် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ လုပ်သားပြည်သူများက ဆေးရုံအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ ဆေးရုံအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိပြီး သန့်ရှင်းသာယာလှပမှုရှိစေရန်၊ သန့်ရှင်း၍ စိမ်းလန်းစိုပြေစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်တို့ကို လမ်းညွှန်ကြားမှာကာ မော်လမြိုင်မြို့၊ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံကြီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

မွန်ပြည်နယ်အတွင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဆေးရုံများ၊ တိုက်နယ်ဆေးရုံများအား စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)