နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့်နေရာများနှင့် သန့်ရှင်းရေးဆောင်ရွက်မည်နေရာများအား ကြည့်ရှုစစ်ဆေး

ပျဉ်းမနား အောက်တိုဘာ ၁၄

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေတိုက်စားပြီး ပြိုကျပျက်စီးခဲ့သည့် ပျဉ်းမနားမြို့၊ ရန်အောင်-၁ ရပ်ကွက်၊  လယ်တီစံကျောင်းတိုက် အုတ်တံတိုင်းအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ပြိုကျပျက်စီးမှုအခြေအနေများနှင့် ပြန်လည်ပြင်ဆင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်က လိုအပ်သည်များကိုမှာကြားခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ရွာကောက်ရပ်ကွက်တွင်းရှိ ဂန္ဓမာလမ်းနှင့် စံပယ်လမ်းထောင့်ရှိ ရေတိုက်စား၍ ပျက်စီးနေသည့်လမ်းပိုင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အမြန်ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ ခုတင် ၁၀၀၀ ဆေးရုံးကြီး၊ အစည်းအဝေးခန်းသို့ရောက်ရာ ဒေါက်တာရန်နိုင်မောင် (ညွှန်ကြားရေးမှူး)က ဆေးရုံဝင်းအတွင်း အပြင်ရှိအမှိုက်သရိုက်များ၊ ခြုံနွယ်ပိတ်ပေါင်းများ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရန် လိုအပ်လျက်ရှိကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ခုတင် ၁၀၀၀ ဆေးရုံးကြီး အမှိုက်သရိုက်များ၊ ခြုံနွယ်ပိတ်ပေါင်းများ၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရန်လိုအပ်လျက်ရှိသည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရန်လုပ်ငန်းများအား သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)