ရပ်စောက် အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ မွေးမြူရေးဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျောက်တောကျေးရွာအုပ်စု၊ ကျောက်တော ခေတ်မီစံပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရှေးရယ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဆောင်းနှင်းဖြူဖြူက မွေးမြူရေးဆိုင်ရာနှင့်ပတ်သက်သည့် တိရစ္ဆာန်များတွင် ကျရောက်တတ်သော ရောဂါများ၊ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ၊ ရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများ စသည့်အကြောင်းအရာများကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကိုကျင်းပခဲ့ပြီး ရေသင်းဝင်၊ ခါတော်မီ၊ ကုက္ကို၊ ကျွန်း၊ စိန်ပန်းပင် (၃၀၀)ပင်ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်းအင်အား (၁၀၀)ဦးခန့်တို့က ကျေးရွာလမ်းဘေးတစ်လျှောက်၌ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။
ဆုမွန်