ထန်းတပင်မြို့နယ်၌ ငါး၊ ပုစွန်မွေးမြူရေးကန်များ ရေကြီးနစ်မြှပ်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်နေ

ထန်းတပင်(ရန်ကုန်) အောက်တိုဘာလ ၁၄

ငါးလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးလုပ်ငန်းကိုအခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများမြင့်မားလာစေရေးနှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း ငါးပုစွန်မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယခုအခါတွင် မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီးခြင်းများကြောင့် ငါး၊ ပုစွန်မွေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျောနည်းစေရေးတို့အတွက်လည်း ထန်းတပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ငါး၊ ပုစွန်မွေးမြူရေးကန်များတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ငါးပုစွန်မွေးမြူသူတောင်သူများကို အသိပေးနှိုးဆော်လျက်ရှိသည်။

အသိပေးနှိုးဆော်ရာတွင်လည်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြတ်ကျော်နှင့် ဝန်ထမ်းများက ငါးပုစွန်မွေးမြူကန်များသို့ သွားရောက်ကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြှပ်မှုမှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များကို လိုက်လံအသိပေးနှိုးဆော်လျက်ရှိကြောင်းလည်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ပုဂ္ဂလိက ငါးမွေးမြူရေးလုပ်ငန်းရှင်အနေဖြင့် (၄၄၅)ဦး၊ ကုမ္ပဏီ (၂)ခု ငါးကန်ဧရိယာစုစုပေါင်း (၁၁ဝ၂၅.၃၆)ဧကနှင့် ပုစွန်မွေးမြူရေးအနေဖြင့် လုပ်ငန်းရှင် (၁၉)ဦး ပုစွန်ကန်ဧရိယာစုစုပေါင်း (၄၈၁.၅၃)ဧကထိရှိပြီး ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများကိုလည်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် နှစ်စဉ်ကြီးကြပ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)