ဥတ္တရသီရိ အောက်တိုဘာ ၁၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ် မဲပေးစက် (EVM) စက် အသုံးပြုနည်းနှင့် စပ်လျဉ်း၍ ရှင်းလင်းသရုပ်ပြ ခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးကိုကိုလွင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်မှ မြန်မာအီလက်ထရောနစ်မဲပေးစက် (EVM) စက် အသုံးပြုခြင်းနှင့် ပတ်သက်သည့် အချက်များကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသည့် ပြည်သူများ အား လက်တွေ့ စမ်းသပ်သရုပ်ပြမဲပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်၊ အဖွဲ့ဝင် ဦးခင်ဇော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မိုးစွေကျေးရွာအုပ်စုနှင့် ဘုရားတောင်ကျေးရွာအုပ်စုမှ ပြည်သူများ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့သည်။
ဆက်လက်၍ မွန်းလွဲ ၁ နာရီအချိန်တွင် သရက်တောကျေးရွာအုပ်စုနှင့် တက်ရှိန်းကျေးရွာအုပ်စုမှ ပြည်သူ ၂၄၀ ဦးတို့ဖြင့် မြန်မာအီလက် ထရောနစ်မဲပေးစက် (EVM) စက် အသုံးပြုခြင်းနှင့် ပတ်သက်၍ စမ်းသပ်သရုပ်ပြ မဲပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)