ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး (၂/၂၀၂၃)၊ လူငယ် ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တက်ရောက်

စစ်တွေ အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပ သည့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) အစည်းအဝေးသို့တက်ရောက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသော မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ရခိုင်ပြည်နယ် လူငယ်ရေးရာကော်မတီတို့၏ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်း အဝေးသို့ တက်ရောက်ခဲ့သည်။

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးတွင် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း က ယနေ့အစည်းအဝေးတွင် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီသို့ အတည်ပြုမိန့် လျှောက်ထားတင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အသစ်များနှင့် ခွင့်ပြုမိန့်ပေးအပ်ပြီးဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ တင်ပြချက်များကို စိစစ်ခွင့်ပြုပေးသွားရန်ဖြစ်ကြောင်း၊  ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်များကို ဖိတ်ခေါ်ရန်လိုအပ်သကဲ့သို့ တည်ရှိပြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုလည်း အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်အတွက်လည်း အားပေးကူညီ ဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်နိုင်စေရန် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး ပြည်နယ်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အတွင်းမှာ ယခင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ခြင်းကဏ္ဍမှာသာ အများဆုံး ဝင်ရောက်ခဲ့သော် လည်း ယခုအချိန်တွင် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများမှာပါ တိုးချဲ့ဝင်ရောက်လျက်ရှိ သည်ကို တွေ့ရှိရကြောင်း၊ ထို့အတူ အခြားထုတ်လုပ်မှုကဏ္ဍများမှာ တိုးမြှင့်ဝင်ရောက်လာစေရန်လည်း ဦးစားပေးဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ ယခုဆိုလျှင် ရခိုင်ပြည်နယ်၏ ထုတ်လုပ်မှုကဏ္ဍကို အထောက်အကူပြုစေမည့် စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်းစီမံကိန်းမှာလည်း ဖွင့်လှစ်ဆောင်ရွက် နိုင်ခဲ့ပြီးဖြစ်၍ ပြည်တွင်း၊ ပြည်ပသင်္ဘောများ အလွယ်တကူဆိုက်ကပ်နိုင်ပြီဖြစ်ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ် အနေဖြင့် နယ်စပ် ကုန်သွယ်ရေးလောက်သာ ဆောင်ရွက်နိုင်ခဲ့ရာ ယခုဆိုလျှင် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ ပင်လယ်ရေကြောင်းကုန်သွယ်ရေး တိုးချဲ့ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စစ်တွေဆိပ်ကမ်းကနေ နိုင်ငံတကာကုန်သွယ်ရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်စေရန် နိုင်ငံတော်အကြီးအကဲကလည်း လမ်းညွှန်မှာကြားထားပါကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး အားကောင်းလာလျှင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများလည်း ကျွဲကူးရေပါ ဝင်ရောင်လာနိုင်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ကို ရင်းနှီးမြှုပ်နှံသူများက ရင်းနှီးမြှုပ်နှံမှုဝန်း ကျင်ကောင်း တစ်ခုအဖြစ် လက်ခံလာစေရန် သက်ဆိုင်ရာဌာနများအလိုက် ကြိုတင်ပြင်ဆင်ထားရန်  လိုအပ် မည်ဖြစ်ကြောင်း၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့်လည်း ရခိုင်ပြည်နယ်အတွင်း လာရောက်ရင်းနှီး မြှုပ်နှံကြမည့် လုပ်ငန်းများ လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိသကဲ့သို့  နောင်တွင်လည်း ဆက်လက်ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သဘာဝအခြေခံ အရင်းအမြစ် များ ကောင်းမွန်ပြည့်စုံပြီးဖြစ်သည့် ရခိုင်ပြည်နယ်ကို စီးပွားရေးဝန်း ကျင်းကောင်းတစ်ခုအဖြစ် ပေါ်ပေါက်လာစေရန် အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ထူးမင်းသိမ်းက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ကော်မတီသို့ တင်ပြလာသည့် အမှာစာများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု လျာထားများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု၏ တည်ဆောက်ရေးကာလ သက်တမ်း တိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်နှစ်ခုကို ခွင့်ပြုပေးခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၀ ဒသမ ၅ သန်းနှင့် ကျပ်သန်း ၁၀၀၀ ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၄၀ ကျော်ကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ရခိုင်ပြည်နယ်လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၃)သို့ တက်ရောက်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်လူငယ်ရေးရာ ကော်မတီအနေဖြင့် ပြည်နယ်အတွင်းရှိ လူငယ်များဗလငါးတန်နှင့် ပြည့်စုံစေရန် လူငယ်ကဏ္ဍ (၁၆)ရပ်ပါ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ လူငယ်ကဏ္ဍ(၁၆)ရပ်ကို ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ခရိုင် လူငယ်ရေးရာကော်မတီနှင့် မြို့နယ်လူငယ်ရေးရာကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ် များသည် အနာဂတ်တွင် နိုင်ငံ့ခေါင်းဆောင်များ၊ နည်းပညာ ဆိုင်ရာတီထွင်ဖန်တီးသူများ၊ ငြိမ်းချမ်းရေးဖော်ဆောင်သူများ၊ စွန့်ဦးတီထွင်သူများ၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖော်ဆောင်ပေးနိုင်သော လုပ်ငန်းအင်အားစုများ၊ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်အတွက် နယ်ပယ်ကဏ္ဍပေါင်းစုံ မှာရှိသော လူငယ်များဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများဖန်တီး ပုံဖော်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ သို့မှသာ လူငယ်များနှင့်ပူးပေါင်း ဆောင်ရွက်မှုခိုင်မာ အားကောင်းလာမည်ဖြစ်သကဲ့သို့ လူငယ်များအနေနှင့် ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိပြီး စဉ်ဆက်မပြတ် ဖွဲ့စည်းတိုးတက်သည့် သဟဇာတဖြစ်သည့် လူမှုအသိုင်းအဝိုင်းကို တည်ထောင်နိုင်ကာ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကို လျော့ချနိုင်မည်ဖြစ်ကြောင်း၊ လူငယ်ရေးရာမူဝါဒပါလုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော်ရန် ရေးဆွဲထားရှိသည့် အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် ၂၀၂၀-၂၀၂၄ တွင် ပါရှိသည့် လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ အဓိကကဏ္ဍ (၁၆)ခုနှင့် ပတ်သက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီများအနေဖြင့် ဦးစားပေးဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်(၅၈)ခု၊ ဆောင်ရွက်ချက် (၁၂၁)ခုအနက်က လက်ငင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို ကော်မတီအဖွဲ့ဝင် အချင်းချင်းပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားကြရန်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို လည်း အကြံပြုဆွေးနွေးတင်ပြကြရန် ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် က လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ယင်းနောက် ပြည်နယ်လူငယ်ရေးရာကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လူငယ်ရေးရာကော်မတီဖွဲ့စည်းထားရှိမှု၊ လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံလူငယ်ရေးရာဗဟို ကော်မတီသို့ အလှူငွေများ ပေးအပ်ရာ ဗဟိုကော်မတီအတွင်းရေးမှူး၊ ဒုတိယဝန်ကြီးက လက်ခံရယူပြီး ပြည်နယ် ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဗဟို ကော်မတီအတွင်းရေးမှူး၊ ဒုတိယဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ခိုင်သဇင်ခန်းမ၌ ကျင်းပသော မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ရခိုင်ပြည်နယ် လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲသို့ တက်ရောက်ကြသည်။

ဟောပြောပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် လူငယ်ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် အကျုံးဝင်သော အသက်အပိုင်း အခြားမှာ ၁၅ နှစ်မှ ၃၅ နှစ်အတွင်း ဖြစ်ကြောင်း၊ ထိုအသက် အပိုင်းအခြား အတွင်းရှိသည့် လူငယ်များက မြန်မာနိုင်ငံလူဦးရေ စုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ရှိကြောင်း၊ နိုင်ငံတော်ကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအဖြစ် မျှော်မှန်းတည်ဆောက်လျက်ရှိရာတွင် ယနေ့ လူငယ်များ သည် နိုင်ငံ၏အနာဂတ်ကို ဆက်လက်တာဝန်ယူသွားကြရမည့် သူများဖြစ်သည့်အလျောက် လူငယ်ပြုစုပျိုးထောင် ရေး၊ လူငယ်ဖွံ့ဖြိုးရေးတို့ကို စဉ်ဆက်မပြတ် ပြုလုပ်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ကမ္ဘာကြီးသည် အစဉ်တစိုက်ပြောင်းလဲတိုးတက်နေခြင်း ဖြစ်သည့်အတွက် ပြောင်းလဲ တိုးတက်မှုများကို အမီလိုက်နိုင်ရန် ယနေ့ လူငယ်များပြင်ဆင်မှုများစွာ လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် လူငယ်များမှန်ကန်သည့် အသိပညာ ရရှိစေရေးအတွက် ယနေ့လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြား သည်။

ဆက်လက်၍ ဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောပြီး အမှတ်(၅) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲမှူးမျိုးလွင်က လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးအကြောင်း၊ အမှတ်(၅) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး(ရခိုင်)၊ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး သက်နိုင်ဦးက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအကြောင်း သိကောင်းစရာများကို ဟောပြောကြသည်။

ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအတွက် အားကစား ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)