ကျောက်ဖြူ အောက်တိုဘာ ၁၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း(၁/၂၀၂၃)ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်ထွေ/အုပ် ဝန်ထမ်းများ၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များ၊ နည်းပြဆရာ၊ ဆရာမများ တက်ရောက်ကြသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က ယခုလို အခမ်းအနားမှူးသင်တန်းအား ပို့ချသင်ကြားပေးခြင်းအားဖြင့် သင်တန်းသား၊ သင်တန်းသူများသည် အခမ်းအနားမှူးတာဝန်များကို အခက်အခဲမရှိ လွယ်ကူစွာဆောင်ရွက်နိုင်မည်ဖြစ်ပြီး ခရိုင်/မြို့နယ်အတွင်းရှိ အခမ်းအနားများ၊ ဌာနဆိုင်ရာအစည်းအဝေးများ၊ ဘာသာရေးနှင့် သာသနာရေးဆိုင်ရာပွဲများ ကျင်းပသည့်အခါတွင် မလိုလားအပ်သည့် အမှားမျိုးမရှိစေရန် ဆင်ခြင်သုံးသပ်၍ အခမ်းအနားတစ်ခုလုံးကို အဆင်ပြေပြေ ချောချောမွေ့မွေ့ ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်သည့် မြို့ဂုဏ်ဆောင် အခမ်းအနားမှူးကောင်းများ ထွက်ပေါ်လာမည်ဖြစ်ပါကြောင်း၊ သင်တန်းမှရရှိခဲ့သည့် အတွေ့အကြုံကောင်းများကို အခမ်းအနားများဆောင်ရွက်ရာတွင် စနစ်တကျ လက်တွေ့အသုံးချစေလိုကြောင်း စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဖွင့်လှစ်ရခြင်း၏ အကျိုးကျေးဇူးများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းတွင် ထူးချွန်စွာဆောင်ရွက်နိုင်ခဲ့သည့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသော ဆုရ သင်တန်းသူများ၊ သင်တန်းအောင်မြင်စွာ တက်ရောက်ပြီးမြောက်ခဲ့ကြသော သင်တန်းသူများနှင့် သင်တန်းနည်းပြဆရာမများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ၊ သင်တန်းဆင်းလက်မှတ်များနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါသင်တန်းကို အောက်တိုဘာ (၂) ရက်နေ့မှ (၁၃) ရက်နေ့အထိ ရုံးဖွင့်ရက်(၁၀)ရက်တွင် သင်တန်းနည်းပြဆရာ (၅) ဦးတို့မှ စာတွေ့လက်တွေ့ပြသပေးခဲ့ပြီး ခရိုင်ထွေ/အုပ်ဝန်ထမ်း(၁၄) ဦးနှင့် ခရိုင်ရဲတပ်ဖွဲ့ဝင် ရဲမေ(၈) ဦးတို့မှ တက်ရောက်သင်ယူခဲ့ကြကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း