မန့်ဟီးရိုးမြို့ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားလာသည့် အသက်(၂)နှစ်အောက်ကလေးများအား ငွေကြေးများ ထောက်ပံ့ပေးအပ်လျက်ရှိ

မန့်ဟီးရိုး အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ ရပ်ကွက်/ကျေးရွာအတွင်းရှိ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် အကျိုးခံစားခွင့်ရရှိသူ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးများအား အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် (၉း၃၀)အချိန်က မြို့စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ငွေကြေးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငွေကြေးထောက်ပံ့ပေးအပ်ရာတွင် မန့်ဟီးရိုးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်နှင့်တကွ ဌာနဝန်ထမ်းများ၊ တာဝန်ရှိဌာနဆိုင်ရာများက မန့်ဟီးရိုးမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင် (၁၅)ဦးနှင့် အသက်(၂)နှစ်အောက် ကလေး (၄၇)ယောက်တို့အား တစ်ဦးလျှင် မြန်မာငွေ(၄၅၀၀၀)ကျပ်၊ စုစုပေါင်း မြန်မာငွေ (၂၀၇၀၀၀၀)ကျပ်  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိကြသူများက ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်သည်များနှင့် ကလေးငယ်များအတွက် အာဟာရဖြစ်အစားအစာတို့ကိုလည်း ထပ်ဆောင်းပေးအပ် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

မန့်ဟီးရိုး(ပြန်/ဆက်)