စဉ့်ကူး အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ညီညီနိုင်ရေးသားသည့် “အောင်မြင်ရေးသော့ချက် A-Z 26” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က စာဖတ်ပရိသတ်များ၊ စာပေဝါသနာရှင်များ၊ Book Club အဖွဲ့ဝင်များဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းပြုလုပ်၍ ဆွေးနွေးခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေခြင်း၊ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ခြင်း ဖလှယ်နိုင်ခြင်း၊ အတွေးအခေါ်နှင့် အသိအမြင်များ တိုးပွားလာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာ ညီညီနိုင်ရေးသားသည့် “အောင်မြင်ရေးသော့ချက် A-Z 26” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ Book Club အဖွဲ့ဝင် ဦးအောင်ရဲကျော်က “အောင်မြင်ရေးသော့ချက် A-Z 26” စာအုပ်တွင်ပါရှိသော “ရည်မှန်းချက်” ခေါင်းစဉ်မှ ရည်မှန်းချက်ဆိုသည်မှာ အောင်မြင်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အင်္ဂါရပ်တစ်ခုဖြစ်ကြောင်း၊ မိမိကိုယ်မိမိ ရည်မှန်းချက်ကင်းမဲ့နေသူတစ်ယောက်အဖြစ် အားမလျှော့သင့်ကြောင်း၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိရမည်ဖြစ်ကြောင်း၊ မည်သူမဆို ရည်မှန်းချက်ကို မျိုးစေ့ချ၍ ပြုစုပျိုးထောင်နိုင်ကြောင်း စသည့်အချက်များကို ဆွေးနွေးပြီး စာဖတ်ပရိသတ် တစ်ဦးဖြစ်သူ မလေးလေးဝင်းက “အလံမလှဲ ဇွဲသတ္တိ” ခေါင်းစဉ်မှ လိုရာပန်းတိုင်သို့ ရောက်ရှိနိုင်ရန် ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိရမည်ဖြစ်ကြောင်း၊ အခက်အခဲများကို မမှုစတမ်း ကျော်ဖြတ်နိုင်ရန် ခံနိုင်ရည်နှင့် သတ္တိရှိရန်လိုကြောင်း၊ ဇွဲရှိခြင်းသည် အောင်မြင်ရေးအတွက် အထူးလိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်း၊ ဇွဲသတ္တိရှိသည့် ပုဂ္ဂိုလ်ကို လူတိုင်းက ကြည်ညိုလေးစားကြကြောင်း၊ ဇွဲသတ္တိရှိသည့် စရိုက်လက္ခဏာသည် အောင်မြင်ရေးအတွက် ဧရာမသော့ချက်ကြီးတစ်ခုဖြစ်ကြောင်း ယခုစာအုပ်ပါ အောင်မြင်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်သွားပါက စာဖတ်သူတိုင်း၏ မိသားစု၊ မိတ်ဆွေအသိုင်းအဝိုင်းနှင့် လုပ်ငန်းခွင်တို့တွင် အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ကြောင်း စသည့်အချက်များကို ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက မိမိတို့၏အမြင်များကို ချစ်ခင်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စိတ်လက်ပေါ့ပါး ပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)