၂၀၂၃-ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ရိုးရာခြင်းလုံးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့ ပထမတံခွန်စိုက်ဖလားများ ရရှိ

မန္တလေး အောက်တိုဘာ ၁၄

၂၀၂၃-ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ရိုးရာခြင်းလုံးပြိုင်ပွဲ၊ အောင်ပွဲရ မန္တလေးတိုင်းဒေသကြီးအသင်းအား ကြိုဆိုဂုဏ်ပြုပွဲကို ယမန်နေ့ မွန်းလွဲတစ်နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း(၃၀)၊ ဗထူးအားကစားကွင်းရှိ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။

အောင်ပွဲရ အမျိုးသား/အမျိုးသမီး ရိုးရာခြင်းလုံးပြိုင်ပွဲဝင်အသင်း၏ အုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများအား တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်မိုးဝင်းနှင့် ဝန်ထမ်းများ၊ အားကစားသမားများက အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

ထို့နောက် ကြိုဆိုဂုဏ်ပြုပွဲကို ဆက်လက်ကျင်းပရာ အုပ်ချုပ်သူ၊ နည်းပြနှင့် အားသစားသမားများက အမျိုးသားတံခွန်စိုက်ပထမဆုတံဆိပ်နှင့် အမျိုးသမီးတံခွန်စိုက်ဆုတံဆိပ်တို့ကို တိုင်းဒေသကြီးဦးစီးမှူးထံ အပ်နှံကြပြီး အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးကြသည်။ ၎င်းနောက် အုပ်ချုပ်သူ လက်ထောက်ညွန်ကြား‌ရေးမှူး ဦးတင်မျိုးအောင်က ပြိုင်ပွဲအတွ့အကြုံများ ရှင်းလင်းပြောကြားပြီး ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးက အောင်ပွဲရ ရိုးရာခြင်းလုံးအဖွဲ့များအား ဂုဏ်ပြုဆုငွေ ဆယ်သိန်း ချီးမြှင့်ပေးအပ်ပြီး နေ့လယ်စာနှင့် တည်ခင်းဧည့်ခံပေးကြောင်း သတင်းရရှိသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်မိုးဝင်း၊ တိုင်းဒေသကြီးခြင်းလုံးဆက်ကော်မတီဥက္ကဋ္ဌ ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများ၊ အောင်ပွဲရ အမျိုးသား/အမျိုးသမီးခြင်းလုံးအသင်းတို့မှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ၊ ဝန်ထမ်းများ တက်ရောက်ကြသည်။

အဆိုပါ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ရိုးရာခြင်းလုံးပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဒိအားကစားရုံတွင် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပရာ အမျိုးသားအသင်းသည် ပြိုင်ပွဲဝင်အသင်း (၁၂)သင်းနှင့်လည်ကောင်း၊ အမျိုးသမီးအသင်းသည် ပြိုင်ပွဲဝင်အသင်း(၆)သင်းနှင့်လည်းကောင်း အဆင့်ဆင့်ယှဉ်ပြိုင်ကာ ယခုကဲ့သို့ တံခွန်စိုက်ဆုများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)