မလှိုင်မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေရယူ၍ အကောင်အထည်ဖော်စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းစစ်ဆေး

မလှိုင် အောက်တိုဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မြို့နယ် စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်စိုက်ပျိုးထားသည့် ညောင်အုပ်ကျေးရွာ၊ မြို့ကုန်းကျေးရွာနှင့် အုပ်ဖိုကန်ကျေးရွာရှိ မိုးစပါးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနေမှုအား အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်(၁၁)နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါနေ့က မလှိုင်မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မြို့နယ်စီမံကိန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ဦးစိုးမင်းထက်သည် ကော်မတီအဖွဲ့ဝင်များဖြစ်သော စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစန်းယု ၊ မြို့နယ်သမဝါယမဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းကို ၊ မြို့ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် မြို့ကုန်းကျေးရွာနှင့် ညောင်အုပ်ကျေးရွာ သမဝါယမအသင်း(၂)သင်းမှ တောင်သူများ လိုက်ပါလျက် ကွင်းအမှတ်(၂၉)တွင် စိုက်ပျိုးထားသည့် တောင်သူ(၂၉)ဦး၏ မိုးစပါး(ပုလဲသွယ် GW-1 စပ်မျိုး)(၉၆)ဧက တစ်ကွင်းတစ်စပ်တည်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုနောက် မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို သမဝါယမကဏ္ဍမှရယူ၍ မိုးစပါး(၁)ဧကလျှင် ငွေကျပ်(၂)သိန်းနှုန်းဖြင့် ညီမျှသော သွင်းအားစုများ ဓါတ်မြေသြဇာများအသုံးပြု၍ စိုက်ပျိုးထားခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ပန်းတိုင်အထွက်နှုန်းရရှိရန် တောင်သူများအနေဖြင့် အလေးထားဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

အလားတူ မွန်းလွဲပိုင်းတွင် မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည် အုတ်ဖိုကန်ကျေးရွာ သမဝါယမအသင်းမှ တောင်သူ (၅၅)ဦး စိုက်ပျိုးထားသည့် မိုးစပါးစိုက်ဧက (၁၀၂)ဧက  အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့သည်။  မလှိုင်မြို့နယ်၌   ညောင်အုပ်၊ မြို့ကုန်းနှင့် အုပ်ဖိုကန်ကျေးရွာ သမဝါယမအသင်း(၃)သင်းမှ အသင်းသားတောင်သူ (၈၄)ဦးတို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို သမဝါယမကဏ္ဍမှရယူ၍  စိုက်ဧက (၁၉၈)ဧကအတွက် ပံ့ပိုးချေးငွေ (၃၉.၆) သန်းနှင့်ညီမျှသော သွင်းအားစုဓါတ်မြေသြဇာများ ထောက်ပံ့စိုက်ပျိုးဆောင်ရွက်ခဲ့သော စိုက်ခင်းများဖြစ်ကြောင်း သိရသည်။

အောင်ဌေး (မလှိုင်)