ကျောက်မဲ အောက်တိုဘာ ၁၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (ကျောက်မဲ) မှ ကြီးမှူး၍ အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေးလုပ်ငန်း (တစ်လုံးထိုးဒီဇယ်အင် ဂျင်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း)(မွမ်းမံ) ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀:၀၀)နာရီတွင် ကျောက်မဲမြို့နယ်၊ ပန်လော့ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(ကျောင်းအုပ်) ဒေါ်ချိုဝင်းလှိုင် က သင်တန်းဆင်းအမှာစကားပြောကြား၍ ကျောက်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆမ်သိန်းက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းလှဝင်းမှ သင်တန်းမှ ထူးချွန်သင်တန်းသားများအား လက်သုံးကိရိယာများ ပေးအပ်ခဲ့သည်။
အဆိုပါ ဆင်းပွဲအခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ သင်တန်းသား/ သူများ စုစုပေါင်းအင်အား(၅၀)ဦး ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား(၁၅)ဦးကို ပထမအကြိမ် တစ်လုံးထိုးဒီဇယ်အင်ဂျင် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း သင်တန်းကာလ ၁၅ ရက်နှင့် ဒုတိယအကြိမ် (မွမ်းမံ)သင်တန်းကာလ ၁၅ ရက် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းများအနက်မှ လုပ်ငန်းထူထောင်လိုသူ (၅)ဦးအား ကော်မတီဝင်များနှင့် သင်တန်းနည်းပြများမှ စိစစ်ရွေးချယ်၍ နိုင်ငံပိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်း (လက်သုံးကိရိယာ)များကို အသုံးပြုခွင့်ပေးအပ်ပြီး လုပ်ငန်းထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)