နမ့်စန်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်တွင် အိတ်ခ်ျပီဗွီကာကွယ်ဆေး ထည့်သွင်းခြင်း မြို့နယ်အဆင့် ဖွင့်ပွဲအခမ်းအနား ကျင်းပ

နမ့်စန်(တ) အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်၌ အိတ်ခ်ျပီဗွီ (HPV)ကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့် ဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့ နေ့လည် ၁ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ Video conferencing  စနစ်ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အဖွင့် အမှာစကားပြောကြားခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပုံမှန်ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်တွင် အိတ်ခ်ျပီဗွီ (HPV) ကာကွယ်ဆေး ထည့်သွင်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နမ့်စန်မြို့ပေါ်ရှိ ရပ်ကွက် ၅ ခုမှ အသက် ၉ နှစ်အရွယ် အမျိုးသမီး ၅ ဦးအား မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး အဆိုပါ ကာကွယ်ဆေး ထိုးနှံနေမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်နိုင်ဦး၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ကြူကြူနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး အမျိုးသမီး ငယ် များကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

HPV ကာကွယ်ဆေးသည် ကင်ဆာရောဂါကို ကာကွယ်နိုင်သည့် ဆေးတစ်မျိုးဖြစ်ပြီး Human Papilloma Virus (HPV) ပိုးကြောင့်ဖြစ်သည့် သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်တတ်သည့် ကင်ဆာ ရောဂါများကို ကာကွယ်ပေးနိုင်ကြောင်းနှင့် နမ့်စန်မြို့နယ်တွင် HPV ကာကွယ်ဆေးထိုးရန် စာရင်းကောက်ယူ ပြုစုထားမှုအရ အသက်၉နှစ်မှ ၁၀နှစ်အထိ အမျိုးသမီး ၁၂၈၄ ဦးရှိပြီး အဆိုပါအမျိုးသမီးငယ်များကို ယနေ့နံနက်ပိုင်းမှ စတင်၍ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနနှင့် ရပ်ကွက်နှင့်ကျေးရွာအလိုက် သက်ဆိုင်ရာစုရပ် ၁၇၃ နေရာတွင် ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သူရအောင်(ပြန်/ဆက်)