စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဗန်းမော်    အောက်တိုဘာ    ၁၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် အသေးစားထုတ်ကုန်များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးတက်ရေးလုပ်ငန်းစီမံကိန်း သင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ဗန်းမော်ခရိုင် စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀)နာရီခွဲက ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က "ကျေးလက်နေအတွင်းရှိ အမျိုးသမီးငယ်များမှ စက်ချုပ်ဒီဇိုင်းနာကောင်းများ ပေါ်ထွက်လာစေရန်၊ ကျေးလက်နေ အမျိုးသမီးများမှ စက်ချုပ်နည်းပညာကို အသုံးပြု၍ အထည်များကို ဒီဇိုင်းလှပ ခေတ်မီစွာ ဖန်တီး၍ ဈေးကွက်ဝင်အထည်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရန်၊ ကျေးလက်နေ အမျိုးသမီးများ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာရပ်ဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း" အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးက သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီး မံရေးကျေးရွာ SMART VILLAGE ကော်မတီဥက္ကဋ္ဌ ဦးမျိုးချစ် ကကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စက်ချုပ်နည်းပညာ သင်တန်းသို့ တက်ရောက်ခဲ့ကြသည့် မံရေးကျေးရွာနှင့် ခိုကျင်ကျေးရွာ တို့မှသင်တန်းသူ(၁၅)ဦးစီမှ အမှန်တကယ် လုပ်ငန်းထူထောင်မည့် သင်တန်းသူ (၅)ဦးစီအား သတ်မှတ်ချက်နှင့်အညီ ရွေးချယ်ခံခဲ့ရသည့် သင်တန်းသူများအား တစ်ဦးလျှင် ငွေကျပ် (၁၀)သိန်းနှင့် ညီမျှသော စက်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်