နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်များ ငှားရမ်းပေးမှုနှင့်အတူ ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်

နောင်ချို အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ နေ့စဉ် နံနက်ရုံးဖွင့်ချိန်မှစတင်၍ အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းအဖြစ် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ  လာရောက် ငှားရမ်း ဖတ်ရှုခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များသည် စာကြည့်တိုက်တွင် စာအုပ်များ ငှားရမ်းပြီးသည့်နောက် စာကြည့်တိုက်အား လေ့လာကြည့်ရှုခဲ့ကြရာ ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးက စာအုပ်များ  မှတ်တမ်းရေးသွင်းပုံနည်းစနစ်များနှင့် ထားသိုပုံနည်းစနစ်များ၊ စာအုပ်များ ငှားရမ်းဖတ်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ရုံးရှေ့မြေစိုက် နံရံကပ်ပြဘုတ်တွင်ပြသထားသည့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်အား ကြည့်ရှုလေ့လာခဲ့ကြသည်။

ထိုသို့ မြို့နယ်ပြည်သူ့စာကြည့်တိုက်မှ စာဖတ်ပရိတ်သတ်များအတွက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးရာတွင် စိတ်ဝင်စားမှုရှိပြီး အသိပညာဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ်များနှင့် လစဉ် အသစ်ရောက်ရှိလာသည့် စာအုပ်၊ စာစောင်များအား Onlineမှတစ်ဆင့် မိတ်ဆက်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စာပေချစ်မြတ်နိုးသူ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ  ပြည်သူ့စာကြည့်တိုက်သို့ နေ့စဉ်လာရောက် ငှားရမ်းဖတ်ရှုလျက်ရှိကြောင်း၊ စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)