ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အာစရိယ မြတ်ဆရာပူဇော်ပွဲအခမ်းအနား ကျင်းပ

ကျောက်တလုံးကြီး အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အာစရိယ မြတ်ဆရာကန်တော့ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဘက်စုံသုံးကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်၍ မြတ်ဆရာကန်တော့ပွဲအခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ ကျောက်တလုံးကြီးမြို့ ကျောင်းအုပ်ဆရာမကြီး  ဒေါ်ခင်အေးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် ဆရာ/ဆရာမတစ်ဦးချင်းစီကို ကန်တော့ငွေ မည်မျှဟူ၍ သတ်မှတ်ကန်တော့ခြင်းမဟုတ်ဘဲ ကျောင်းသူ၊ ကျောင်းသားများကိုယ်တိုင် ၄င်းတို့၏ စိတ်ဆန္ဒအလျောက် ကန်တော့လက်ဆောင်များ စီစဉ်၍ ကန်တော့ခံခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ဤသို့ အရိုးခံအတိုင်း လက်ဆယ်ဖြာထိပ်မှာမိုး၍ ဖြူစင်စွာ ကန်တော့ခံရခြင်းအပေါ် များစွာပီတိဖြစ်ရပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြတ်ဆရာကန်တော့ပွဲ တက်ရောက်လာသူများမှ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ရာ ဆရာ၊ ဆရာမများကိုယ်စား ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးလွင်နှင့် ဆရာ ဦးချိုနိုင်ထွန်းတို့မှ ဆုံးမဩဝါဒပေး၍ ဆုမွန်ကောင်းတောင်းပေးခဲ့ပြီး Grade-12 အတန်းမှ ကျောင်းသား၊ ကျောင်းသူများက အပူဇော်ခံ ဆရာ၊ ဆရာမများအား ကန်တော့ငွေများဖြင့် ပေးအပ် ကန်တော့ခဲ့ကြသည်။

အဆိုပါ မြတ်ဆရာကန်တော့ပွဲအခမ်းအနားသို့ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကန်တော့ခံ ဆရာ၊ ဆရာမ (၂၃) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၇၅၈)ဦးတို့က ပူဇော်ကန်တော့ခဲ့ကြခြင်းဖြစ်ကြောင်း နောင်နှစ်များတွင်လည်း အာစရိယ မြတ်ဆရာကန်တော့ပွဲအခမ်းအနားကို အစဉ်လာမပျက် ကျင်းပဆောင်ရွက်သွားမည်ဟု ကျောင်းအုပ်ဆရာမကြီးမှ ပြောကြားခဲ့ကြောင်း သိရသည်။

သန္တာဝင်း(ပြန်/ဆက်)