မက်မန်းမြို့နယ်တွင် လူငယ်ရေးရာစကားဝိုင်း ကျင်းပ

မက်မန်း အောက်တိုဘာ ၁၃

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာများအပြင် ပြင်ပစာပေများကို လေ့လာ၍ ဗဟုသုတရရှိလာစေနိုင်ရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုများအဖြစ် ပါဝင်လာစေနိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မက်မန်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  ယမန်နေ့၊ နံနက် ၁၀ နာရီအချိန်က လူငယ်ရေးရာစကားဝိုင်း ကျင်းပခဲ့သည်။

အဆိုပါ လူငယ်ရေးရာစကားဝိုင်းတွင် “လူငယ်နှင့် အချိန်” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲဆောင်ရွက်ရာ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေး မှူး)က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မက်မန်းမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်မှ လူငယ်မောင်မယ်များက ဆွေးနွေးကြရာ မအီလာနော်က လူငယ်နှင့်အချိန်ကို အကျိုးရှိစွာ အသုံးချရမည့် နည်းလမ်းများအကြောင်းအားလည်းကောင်း၊ မအီမွန်းက လူငယ်များအနေဖြင့် အချိန်ကို စီမံခန့်ခွဲရမည့် နည်းလမ်းများအကြောင်း၊ မောင်ယောနက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အချိန်ကို အကျိုးရှိစွာ ဆောင်ရွက်သင့်သည့် နည်းလမ်းများအကြောင်း၊ မနာစောလေက အောင်မြင်သော လုပ်ငန်းရှင်များ၏ အချိန်ကို အကျိုးရှိစွာ အသုံးချ၍ ဆောင်ရွက်သည့် နည်းလမ်းများကို ဆွေးနွေးခဲ့သည်။ အဆိုပါ လူငယ်ရေးရာစကားဝိုင်းတွင် လူငယ်မောင်မယ် (၄၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)