လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အ.လ.က ထန်းတပင်ကျောင်း၌ ကျင်းပ

ကော့မှူး အောက်တိုဘာ ၁၃

ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်‌နေ့မွန်းလွဲ ၁နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း ထန်းတပင်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်နှင့် မြို့နယ်စာရေးဆရာအသင်းမှ အဖွဲ့ဝင်ဦးစိန်လှတို့က ပြောကြားရာတွင် လူငယ်များ၏ အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသည်ဖြစ်သောကြောင့် မိမိတို့၏ဘဝများမြင့်မား တိုးတက်လာရေးအတွက်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကျင်းပပေးနေခြင်းဖြစ်ကြောင်း လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူငယ်များ၏ အတွေးအခေါ်မှန်ကန်ပြီး စစ်မှန်သောမျိုးချစ်စိတ်များ ပေါ်ထွန်းလာစေရန် အထူးပင်အရေးကြီးပါကြောင်း၊ မိမိကိုယ်ကိုကောင်းအောင်ကြိုးစားရင်း‌ မိမိနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အားပါဝင် ဆောင်ရွက်သွားကြစေလိုကြောင်း၊ ယနေ့လူငယ်တွေရဲ့အခြေအနေဟာ ယေဘုယျအားဖြင့် ယခင်မျိုးဆက်တွေထက်ပိုပြီး ကောင်းမွန်တယ်လို့ဆိုနိုင်ပါကြောင်း၊ လူငယ်တွေအနေနဲ့အချို့နေရာတွေမှာ စိန်ခေါ်မှုတွေရှိတယ်ဆိုပေမယ့် တစ်ဖက်မှာလည်းတိုးတက်ပြောင်းလဲမှုနဲ့ အခွင့်အလမ်းများစွာရှိပါကြောင်း၊ လူငယ်တွေအနေနဲ့အခွင့်အလမ်းကို ဖမ်းဆုပ်နိုင်ဖို့ အတွက်မှန်ကန်တဲ့အရည် အချင်းတွေတိုးတက်ဖို့လိုပါကြောင်း၊ ကျောင်းသား/ ကျောင်းသူ လူငယ်များအနေဖြင့် တိုင်းပြည်နှင့်လူမျိုးအပေါ် ချစ်ခင်မြတ်နိုးစိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်သည့် လူငယ်များဖြစ်လာအောင် ကြိုးစားနေထိုင်ကြစေလို ကြောင်းစသည့်လူငယ်နှင့် ပတ်သက်သော အကြောင်းအရာများအား ဟောပြောခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတ/ရသ စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုနေကြကြောင်း သိရသည်။

ကျော်သူရ