မူလွန်(ပတုပ်)ကျောင်း၌ စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြော

ကော့မှူး အောက်တိုဘာ ၁၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဘုရားလမ်း ရပ်ကွက်အခြေခံမူလတန်းလွန်ကျောင်း(မူလွန်ပတုပ်)ကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်သင်းသင်းမြတ်က ပြောကြားရာတွင် ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝစေရန်၊ ငယ်ရွယ်စဉ်အချိန်ကပင် အားလပ်သောအချိန်များတွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုကြရန်၊ စာအုပ်စာ‌ပေ လူ့မိတ်ဆွေ ပညာရွှေအိုးလူမခိုး ပညာရဲရင့်ပွဲလယ်တင့်ဆိုသည့် အတိုင်းစာအုပ်စာပေများကိုငယ်စဉ်ထဲကလေ့လာဖတ်ရှုကြရန်၊ မိမိဖတ်ရှုလိုသောစာအုပ်စာစောင်များကို ရွေ့လျားစာကြည့်တိုက်ယာဉ်တွင်လည်း ငှားရမ်းနိုင်သလို ကော့မှူးမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း မိမိတို့ကြိုက် နှစ်သက်သည့်စာအုပ်များကို အခမဲ့ငှားရမ်းဖတ်ရှုနိုင်ကြောင်းနှင့် စာပေနှင့်ပတ်သက်သော အကြောင်းအရာများ ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက်ကျောင်းသား/ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာနေကြကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)