ရန်ကုန် အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေဗဟုသုတများစွာ ရရှိနိုင်စေရန်နှင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီတွေ့ဆုံပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)ရုံး၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။
ကျင်းပရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီခရိုင်တာဝန်ခံ ဦးဘိုကြည်က အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီရုံးအဖွဲ့မှူး ဦးဝင်းသိန်းက စာကြည့်တိုက်များနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကို ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က မြို့နယ်အတွင်း စာကြည့်တိုက်များ အခြေအနေများနှင့်တွေ့ဆုံပွဲ ပြုလုပ်ရခြင်း၏ အကြောင်းအရာများကို ပြောကြားသည်။
ထို့နောက် အင်းစိန်မြို့နယ် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းယုက ပေါင်းစပ်ဆောင်ရွက်နေမှုအား ရှင်းလင်းပြောကြားပြီး အင်းစိန်မြို့နယ်၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မောင်မောင်ဝင်းမြင့်(မှုခင်း)က စာကြည့်တိုက်များနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကို ပြောကြားပြီးနောက် တက်ရောက်လာကြသည့် အင်းစိန်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များမှ တာဝန်ခံများနှင့် စာကြည့်တိုက်မှူးများက မိမိတို့၏ စာကြည့်တိုက်လုပ်ငန်းအခြေအနေများ၊ လိုအပ်ချက်များနှင့် အခက်အခဲရှိသည်များကို ဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက တင်ပြလာသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီခရိုင်တာဝန်ခံ ဦးဘိုကြည်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့နယ်အတွင်းရှိ စာကြည့်တိုက်များကို မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီသည့်လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကိုကို (ပြန်/ဆက်)