သီပေါ အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်မဟာသာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်ပြီးစီးမှု အောင်ပွဲမင်္လာအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းကို အောက်တိုဘာလ(၁၁)ရက်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါသာသနာ့ဗိမာန်တော်ကြီး၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင်များဖြစ်သည့် ဦးစောနိုင်၊ ဒေါ်မြင့်မြင့်သိန်း(ပြည့်ဖြိုးအောင်စက်သုံးဆီရောင်းဝယ်ရေး)မိသားစုမှ ရေစက်ချအောင်ပွဲမင်္ဂလာအခမ်းအနားတွင် သံဃာတော်အပါး(၁၈၀၀)၊ သီလရှင်အပါး(၅၀၀)တို့အား အာရုံဆွမ်းဆက်ကပ်ခြင်း၊ ဆွမ်းလောင်းလှူခြင်းနှင့် (၁-၁-၂၀၂၄)ရက်နေ့တွင် နံနက် (၉)နာရီမှ ညနေ(၅)နာရီအထိ ရပ်နီးရပ်ဝေး အယုတ်အလတ်အမြတ်မရွေး ပြည်သူများအား စတုဒီသာအဟာရ ကျွေးမွေးလှူဒါန်းခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေကျပ် (၂၂၅)သိန်းကို ပေးအပ်လှူဒါန်းခဲ့ရာ ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လက်ခံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့ကျက်သရေဆောင် မြို့လယ်မဟာသနာ့ဗိမာန်တော်ကြီးကို ၂၀၁၂ ခုနှစ် စတင်တည်ဆောက်ခဲ့ကာ ရပ်နီးရပ်ဝေး မြို့နယ်သူမြို့နယ်သား၊ စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်း ငွေကျပ်သိန်းပေါင်း (၁၃၁၈၆)သိန်းကျော်ဖြင့် တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ တည်ဆောက်ပြီးစီးမှု အောင်မင်္ဂလာအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့(လွတ်လပ်ရေးနေ့)တွင် ကျင်းပပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလှူရှင်များမှလည်း အလှူငွေများ လာရောက်လှူဒါန်းလျက်ရှိပါကြောင်းနှင့် (၂၆-၁၂-၂၀၂၃)ရက်နေ့မှ (၁-၁-၂၀၂၄)ရက်နေ့အထိ (၇)ရက်တိုင်တိုင် ဆွမ်းဆက်ကပ်လောင်းလှူခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဥပတ္ထမကအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)