ကျောက်ဆည်မူလတန်းကြိုကျောင်း မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ရင်သွေးငယ်များဉာဏစွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

ကျောက်ဆည်  အောက်တိုဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ ကျောက်ဆည် မူလတန်းကြိုကျောင်း မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ရင်သွေးငယ်များ ဉာဏစွမ်းရည် ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ကျောက်ဆည်မြို့ မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးက ရင်သွေးငယ်များ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေး၊ အောင်မြင်ထူးချွန်သူများဖြစ်စေရေး၊ တစ်နေ့တာလှုပ်ရှားမှုများစနစ်တကျ လေ့ကျင့်သင်ကြားပေးလျက်ရှိရာ မိဘများအနေဖြင့် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်မူလတန်းကြိုကျောင်း လူမှုဝန်ထမ်း(၃) ဒေါ်ရီရီမြင့်က အသက် (၃)နှစ်မှ (၅)နှစ်အရွယ်ကလေးများအားကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ပြုစုပျိုးထောင်ပေးနေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ကျောက်ဆည်ခရိုင်လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်သန်းသန်းစိုး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေး၊ ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းဥက္ကဌ ဦးအောင်ကိုကိုဇော်နှင့်အဖွဲ့ဝင်များက ရင်သွေးငယ်များအား ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ တေးသရုပ်ဖော်ပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း  သိရသည်။

တင်တင်ထွေး