ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်ဆည် အောက်တိုဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဆင်အကအလှပြိုင်ပွဲ ဦးစီးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက  ဆင်အကအလှပြိုင်ပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဝိုင်းဝန်းဆောင်ရွက်သွားကြရန်၊ ဒေသအပေါ်ချစ်မြတ်နိုးသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ အမှတ်ပေးဒိုင်များ စနစ်တကျရွေးချယ်ရေး၊ ပွဲတော်အား ဒေသ၏ ရိုးရာအစဉ်အလာမပျက် ကျင်းပရေး အတွက် မြို့မိ၊မြို့ဖများနှင့် ဌာနဆိုင်ရာများ ဝိုင်းဝန်းပေါင်းစပ်ပြီးဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက ယခင်နှစ် ဆင်အကအလှပြိုင်ပွဲတွင် ဆင်အစီးရေ(၆၈)စီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင်ဆင်အစီးရေပေါင်း (၉၆)စီးပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် ဆင်အဖွဲ့များအား လိုက်နာရမည့်စည်းကမ်းချက်များကို စနစ်တကျဆောင်ရွက်ထားရှိကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသောဆင်အကအလှပြိုင်ပွဲလုပ်ငန်း ဆပ်ကော်မတီ ဥက္ကဋ္ဌများမှ ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် လုပ်တာဝန်များအား ဆွေးနွေးတင်ပြကြရာ ပြိုင်ပွဲကျင်းပရေးဦးစီးကော် မတီဥက္ကဋ္ဌက လုပ်ငန်းများအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့သည်။

ကျောက်ဆည်မြို့၌ နှစ်စဉ်ကျင်းပပြုမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲကို ၁၃၈၅ ခုနစ်၊ သီတင်းကျွတ်လဆန်း(၁၄)ရက်၊၂၀၂၃ ခုနှစ်၊ အောက်တိုဘာ(၂၈)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ကျောက်ဆည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်