မလှိုင် အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် ကော်မတီအဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျပ်ဆည်ကျေးရွာအုပ်စု၊ ဆပ်ခင်းကြီး ကျေးရွာကျေးလက်ကျန်းမာရေးဌာနခွဲ၊ အဆောက်အဉီနှင့်ဝန်ထမ်းအိမ်ယာဆောက်လုပ် ပြီးစီးမှု အခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါနေ့က မလှိုင်မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီ ဥက္ကဋ္ဌသည် အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းယုဆွေ၊ အမှုဆောင်အရာရှိ ဒေါ်နွယ်နီထွန်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ ဦးလှမင်းသောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာသန့်ဇင်လတ်တို့သည်ဆပ်ခင်းကြီးကျေးရွာတွင် တည်ဆောက်လျက်ရှိသည့် အလျား(၄၁)ပေ အနံ(၂၉)ပေ RCတစ်ထပ်အဆောက်အဉီနှင့် အလျား (၃၈)ပေ အနံ(၂၅)ပေ (၂)ခန်းတွဲ RC တစ်ထပ် စံကိုက် ဝန်ထမ်းအိမ်ယာ အဆောက်အဦ ပြီးစီးမှုကို ကြည့်ရှု စစ်ဆေးခဲ့ရာတာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား လိုက်လံ ရှင်းလင်းတင်ပြခဲ့ ရာ အဆောက်အဉီပြီးစီးမှုရာခိုင်နှုန်း(၂၅)ရှိ၍ စာချုပ်ပါစည်းကမ်းချက်နှင့်အညီ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီ ပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့ သည်။
အဆိုပါ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ယာကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ခွင့်ပြုငွေကျပ်(၁၄၂)သန်းဖြင့် မန္တလေးမြို့ သော်တာအိမ်ကုမ္ပဏီမှ တာဝန်ယူ၍တည်ဆောက်နေခြင်းဖြစ်ပြီး ကျေးလက်ကျန်းမာရေးဌာနခွဲဆောက် လုပ်ပြီးစီးသွားပါက ကျပ်ဆည်ကျေးရွာ အုပ်စုအတွင်းရှိ ဆပ်ခင်းကြီးကျေးရွာ၊ သပြေလှကျေးရွာ၊ ပွင့်တောကျေးရွာ၊ တုံတင်ကြီးကျေးရွာ၊ ကံချောင်ကျေးရွာ၊ တည်ကြီးတောကျေးရွာ၊ ကံရွာကျေးရွာများအပြင် အုပ်ကြီး ကျေးရွာအုပ်စုအတွင်းရှိ တည်ကုန်း-မင်းလှနှင့်အနီးပတ်ဝန်း ကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ယခင်ကထက်ဆောင်ရွက်ပေးနိုင်မည်ဖြစ်၍ ဒေသခံတို့၏ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကိုများစွာ အထောက်အကူပြု မည်ဖြစ်ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)