လွိုင်လင် အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းဖြစ်သည့် နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့)တို့၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်း ဆောက်လုပ်ခဲ့သော လွိုင်လင်အရှေ့ ကျေးရွာအုပ်စု ခဲလောင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း (မူလွန်) ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ကျင်းပပါသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင် ဦးခွန်ထွန်းမောင်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်၊ ခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်အေး၊ နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့)မှ ဒေါ်အေးအေးသန်းနှင့် ခဲလောင်းကျေးရွာ မိဘပြည်သူတစ်ဦးတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါသည်။ ထို့နောက် အမှတ်တရသစ်ပင်များ စိုက်ပျိုးပေးကာ မှတ်တမ်း စုပေါင်းဓာတ်ပုံ ရိုက်ကူးကြပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။ ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ကျင်းပရာ ရှေးဦးစွာ ခဲလောင်းကျေးရွာမှ ကျောင်းသား/သူလေးများက မြန်မာ့ကျောင်းသီချင်း သီဆို၍ အခမ်းအနား ဖွင့်လှစ်ပေးပါသည်။ ယင်းနောက် ခရိုင်စီမ့အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ ခရိုင်ပညာရေးမှူးနှင့် နိပွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့ စီမံကိန်းတာဝန်ခံ ဒေါ်အေးအေးသန်း တို့က အသီးသီး အမှာစကား ပြောကြားကြသည်။ ဆက်လက်၍ ကျောင်းအဆောက်အဦနှင့် သက်ဆိုင်သော စာရွက်စာတမ်းများ ပေးအပ်ခြင်း၊ လူထုဖွံ့ရေးရန်ပုံငွေ ကျပ်သိန်း(၁၄ဝ) ပေးအပ်ခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ် အလံများပေးအပ်ခြင်းတို့ကို သတ်မှတ်အစီအစဉ်များအတိုင်း ဆောင်ရွက်ကြသည်။ ထို့နောက် ကျောင်းသား/သူလေးများမှ ရိုးရာအကအလှများဖြင့် ဧည့်ခံဖျော်ဖြေကြပြီးနောက် အထက(၁)လွိုင်လင်မှ ကျောင်းသား/သူလေးများက တို့ကျောင်းတော် သီချင်းသီဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းလိုက်သည်။
အဆိုပါ ကျောင်းဆောင်သစ်သည် အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ၊ တစ်ထပ်ကျောင်းဆောင်၊ အလူဇင့်မိုး၊ အုတ်ကာ၊ အင်္ဂတေခင်းဖြစ်ပြီး စာသင်တန်း ၅ ခန်း ပါဝင်ကြောင်း နှင့် အလံတိုင် (၁)တိုင်၊ ၅ ခန်းတွဲ ရေလောင်အိမ်သာ(၁)လုံ ၊ ၄ ပေ ပတ်လည်ရှိ ရေလှောင်ကန် (၂)ကန်၊ ဆရာစားပွဲ /ကုလာထိုင် (၅)စုံ၊ ကျောင်းသား စာရေးစားပွဲ /ထိုင်ခုံ (၅၀)စုံ နှင့် White Board (၁၀)ချပ် စသည်တို့ကို နိပွန်ဖောင်ဒေးရှင်း (စေတနာ)အဖွဲ့မှ ဆောက်လုပ်ပေးခဲ့ကြောင်းနှင့် စုစုပေါင်းကုန်ကျငွေမှာ ကျပ်( ၉၈၅၅၅၇၀၉)သိန်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများကို ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက သွားရောက်ပြသပေးခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး(ခရိုင်ပြန်/ဆက် )