မြစ်သားမြို့၌ မဲရုံမှူး၊ ဒုမဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်များအားရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်

မြစ်သား         အောက်တိုဘာ  ၂၁


မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ပြည်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်  မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား သင်တန်းကို ယနေ့နံနက် (၉)နာရီက မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌  ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မြစ်သားမြို့နယ်တာဝန်ခံ ဦးအေးထွန်းက ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာများနှင့် သင်တန်းဖွင့်လှစ် ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ဝင်းက သင်တန်းပို့ချ သွားမည့် ဘာသာရပ်များနှင့်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာရမည့် စည်းကမ်းချက်များအားရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက သင်တန်းကိုဆက်လက် ပို့ချခဲ့ရာ သင်တန်းတွင် မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များ၏လုပ်ငန်းတာဝန်များ၊ မဲရုံအဖွဲ့ဝင်များခန့်ထားခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ်များဆိုင်ရာ သတိပြုရန်အချက်များ၊  မသန်စွမ်းသူများနှင့် အကူအညီလိုအပ်သူ မဲဆန္ဒရှင်များမဲပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းအဆင့်ဆင့် ခိုင်လုံမဲ၊ ပယ်မဲသတ်မှတ်ချက်များ၊ ရေတွက်ရရှိသောမဲရလဒ်ထုတ်ပိုးခြင်း၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်း တိုက်ဆိုင်စစ်ဆေး မှုစာရင်းနှင့် ရွေးကောက်ပွဲဆိုင်ရာပြစ်မှုပြစ်ဒဏ်များနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး ဆိုင်ရာလုပ်ငန်းတာဝန်များကို ပို့ချသွားမည်ဖြစ်ကြောင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စုရှိ မဲရုံ(၂၀၀)ရုံမှ  မဲရုံမှူး၊  ဒုမဲရုံမှူး သင်တန်းသား/သင်တန်းသူ(၅၈၄)ဦး တို့အား အောက်တိုဘာ (၂၀)ရက်နေ့မှ (၂၉)ရက် နေ့အထိ ပို့ချသင်ကြားသွား မည်ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်ဝင်း ထံမှသိရသည်။


မြမြမွန်(ပြန်/ဆက်)