နမ္မတူမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်များ ရေနစ်မြုပ်မှုဖြစ်ပွား

နမ္မတူ အောက်တိုဘာ ၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အောက်တိုဘာလ (၁၂) ရက်နေ့ည (၁၂) နာရီခွဲအချိန်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နံနက် (၈)နာရီ (၄၀) မိနစ်မှ စတင်၍ နမ္မတူချောင်း ရေမြင့်တက်လာခဲ့ပြီး မြစ်ရေပိတ်ဆို့မှု့ကြောင့် နမ္မလချောင်းအနီးရှိ ပန်ဟိုက်ရပ်ကွက် နယ်မြေ (၄၊ ၅၊ ၁၀) ရှိ လူနေအိမ် (၁၄)လုံးနှင့် ဆိုက်ခေါင်ကျေးရွာအုပ်စုမှ လူနေအိမ် (၄)လုံး၊ စုစုပေါင်း လူနေအိမ် (၁၈)လုံး ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေနစ်မြုပ်လျက်ရှိသည့် ပန်ဟိုက်ရပ်ကွက်နှင့် ဆိုက်ခေါင်ကျေးရွာ အုပ်စုများသို့ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ရေဘေးသင့် ပြည်သူများအား ဘေးလွတ်ကင်းရာ ကုန်းမြင့်ပိုင်းသို့ လည်းကောင်း၊ ဆွေမျိုးသားချင်း နေအိမ်များသို့ လည်းကောင်း ရွှေ့ပြောင်းကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့အပြင် ဆိုက်ခေါင်ကျေးရွာအုပ်စုမှ၊ မိုင်းရင်းကျေးရွာအုပ်စု၊ ဝိန်းနန်ကျေးရွာအုပ်စု၊ မန်ဆာလုံကျေးရွာအုပ်စု၊ နားဆိုင်းကျေးရွာအုပ်စုနှင့် ပန်ချင်ကျေးရွာအုပ်စု အနီးတစ်ဝိုက်ရှိ လူနေအိမ်များ လယ်ကွင်း၊ စိုက်ခင်းများ ရေလွှမ်းမိုးလျက်ရှိပြီး နားဆိုင်း၊ မိုင်းရင်နှင့် မန်ဆာလုံကျေးရွာ အုပ်စုအတွင်းရှိ တံတားများ ရေကျော်လျက် ရှိသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှုးများ၊ ပရဟိတအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများဖြင့် ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဝင်းမင်းထွန်းထံက သိရသည်။

လူမော် (ပြန်/ဆက်)