ကျောက်ပန်းတောင်း အောက်တိုဘာ ၁၃
အညာတောင်သူတို့သည် တန်ခူး ကဆုန် နွေကုန်ချိန် မိုးဦးအစမှ စ၍ တောင်ယာလုပ်ငန်းခွင် ဝင်ကြရပြီး၊ သီးနှံပေါ်သည့် တော်သလင်း၊ သီတင်းကျွတ် ကာလများအတွင်း အလုပ်နှင့်လက် ပြတ်သည်ဟူ၍ မရှိပဲ၊ သီးနှံပေါ်ချိန် သန့်စင် သိမ်းဆည်းပြီး ဈေးကွက်တင် ရောင်းချပြီးမှသာ အနားရကြရကြောင်း သိရသည်။ ထိုသို့ အနားရသည်နှင့်တစ်ပြိုင်နက် အညာတောင်သူတို့၏ ပထမဦးဆုံး အလုပ်မှာ လှူရေး၊ တန်းရေး ဖြစ်ပြီး၊ သားရှင်ပြု၊ ရဟန်းခံ/ရှင်ပြု အလှူများအတွက် တိုင်ပင်ဆွေး နွေးခြင်း၊ ရပ်/ရွာဖွံ့ဖြိုးရေး ကိစ္စများ အတွက် တိုင်ပင်ဆွေးနွေး ဆောင်ရွက်ခြင်းများဖြင့် တစ်နှစ်တာ စိုက်ပျိုးသီးနှံမှ ရရှိလာသည့် ငွေကို အကျိုးရှိရှိ အသုံးပြုနိုင်စေရန် ဦးစွာဆောင်ရွက်ကြလေ့ရှိကြောင်းသိရသည်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် အလှူဒါနကို ရဲဝံ့ဆွဲမြဲစွာပြုကျင့်လေ့ ရှိကြရာ၊ သူတော်ကောင်းတို့ ပြုကျင့်အပ်သည့် အလှူ(၅)မျိုးရှိကြောင်းနှင့် အဆိုပါ အလှူ(၅)မျိုးမှာ (၁)သဒ္ဒါဒါနာ၊ (၂)သက္ကစ္စဒါန၊ (၃) ကာလဒါန၊ (၄)အနုဂ္ဂဟိတဒါန နှင့်(၅)အနုပဟစ္စဒါနတို့ဖြစ်ကြောင်းသိရသည်။ ထိုဒါန (၅)မျိုးအနက် လှူဘွယ်ဝတ္ထုတို့ကို အချိန်ကာလနှင့် လျှော်ညီအောင် လှူဒါန်းခြင်းဖြစ်သည့် ကာလဒါနနှင့် လှူဘွယ်ဝတ္ထု ပစ္စည်းတို့ကို ကောင်းမွန်စွာ ထုပ်ပိုး၍ ရောက်ရှိရာ နေရာမှာပင် သက္ကစ္စဒါန မြောက်အောင် ရိုသေစွာ ရှိခိုး ဦးခိုက် လှူဒါန်းကြသည့် ကြည်နူးဘွယ် သက္ကစ္စဒါန ပုံရိပ်များကို အညာကျေးရွာ အချို့တွင် (မြေပဲ/နှမ်း) သီးနှံပေါ်ချိန် ကာလများ၌ တွေ့မြင်ကြရပေသည်။ ထိုသို့ မြေပဲ/နှမ်းဆွမ်း အလှူခံထွက်ခြင်းကို စာသင် တိုက်များနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများက မိမိတို့ ဆွေမျိူးသားချင်း မကင်းသည့် ကျေးရွာများမှ ဒါယကာ၊ ဒါယိကာမများ ပင့်ဖိတ်သည့် အချိန်တွင်ကြွရောက် အလှူခံကြခြင်းဖြစ်ပြီး၊ ကျေးရွာများ ကလည်း ဝမ်းမြောက်ဝမ်းသာစွာဖြင့် အိမ်ပေါက်စေ့ လှူတန်းကြကြောင်းနှင့် မြေပဲဆွမ်းကို တစ်ပြည်/ တစ်ခွက်မှစ၍ တစ်စိတ်/တစ်ခွဲ လှူဒါန်းကြပြီး၊ နှမ်းဆွမ်းကိုမူ နှမ်းချည့် သက်သက် သန့်စင် လှူဒါန်းခြင်းနည်းပါးပြီး၊ (၅၅ကျပ်သားခန့် ဝင်ဆံ့သည့်) တစ်လီတာ ရေသန့်ဗူးများဖြင့် နှမ်းဆီ သန့်သန့်များကို လှူဒါန်းကြကြောင်း သိရသည်။ အညာတောင်သူများအနေဖြင့် ပေါ်ဦးပေါ်ဖျား သီးနှံများကို ပင့်ဖိတ် လောင်းလှူ ကုသိုလ်ယူကြရုံတင် မဟုတ်ဘဲ၊ မိမိတို့ကျေးရွာ ဘုန်းတော်ကြီး ကျောင်းများတွင် လည်းကောင်း၊ မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများတွင် လည်းကောင်း၊ မိမိတို့ ဆွေမျိုး အသိုင်းအဝိုင်းများမှ ရဟန်းခံ၊ ရှင်ပြု၊ အလှူအတန်းများ ပြုလုပ်ပါကလည်း အဆိုပါ မြေပဲဆွမ်း၊ နှမ်းဆွမ်း လောင်းလှူခြင်းများ ပြုလုပ်ကြလေ့ရှိ ပြီး၊အဆိုပါ ကျောင်းများတွင် ကျောင်းအဝင်တံခါးဘေး၌ တောင်းကြီးတောင်းငယ်များချထားကာ တရားနာ ရောက်ရှိလာသည့် သူများက မိမိတို့ ယူဆောင်လာသည့် သီးနှံများကို အဆိုပါ တောင်းတွင် စုပေါင်းထဲ့၍ လှူဒါန်းကြလေ့ရှိကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် စည်ပေါက်ကံ ကျေးရွာအနီးရှိ သမိုင်းဝင် မြစည်းခုံ ဘုရားပွဲနှင့်အခြား ဘုရား စေတီပွဲများ၊ ချောက်မြို့နယ် ဂွေးချိုတောင် ဆုတောင်းပြည့် ဘုရားပွဲများတွင်လည်း ဘုရားပွဲလာ တောင်သူများက မိမိတို့ ယူဆောင်လာသည့် မြေပဲဆွမ်း/ နှမ်းဆွမ်းများကို အဆိုပါ စေတီများသို့ ကြဲပက် လှူဒါန်းကြ၍ နောင်နှစ်များတွင် မိုးလေဝသ မှန်ကန်ပါစေကြောင်း…သီးနှံပိုမိုရရှိပါစေကြောင်း… အနှောက်အရှက် အဖျက်ပိုးများ ကင်းဝေးပါစေကြောင်း ဆုတောင်းသည့် အလေ့အထ ရှိကြောင်းလည်း သိရသည်။ မည်သို့ပင်ဆိုစေ မိမိတို့ ချွေးနည်းစာဖြင့် စိုက်ပျိုးရရှိသည့် သီးနှံများကို ပေါ်ဦးပေါ်ဖျား လောင်းလှူ ကုသိုလ်ယူကြသည့် အညာတောင်သူတို့၏ မင်္ဂလာရှိသည့် အလေ့အထကောင်းကို အစဉ်အလာမပျက် ဆောင်ရွက်နိုင်ကြစေရန်အတွက် နှစ်စဉ်နှစ်တိုင်း မိုးလေဝသကောင်းမွန် မှန်ကန်၍ အဖျက်ပိုး အန္တရာယ်မှ ကင်းဝေးကာ၊ သီးနှံများ အထွက်တိုးရရှိကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရသည်။
ကိုနေ(ကျောက်ပန်းတောင်း)