မိုင်းလုံ အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများက သီတင်းကျွတ်အခါသမယ အာစရိယပူဇော်ကန်တော့ပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။
အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက အာစရိယပူဇော်ပွဲတွင် ဖယောင်းတိုင်မီးထွန်းညှိကာ ဩကာသကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကြပြီး ဆရာ၊ ဆရာမများက ဆုတောင်းမေတ္တာမျှဝေပြီးနောက် ကျောင်းအုပ်ဆရာမကြီးက စာကြိုးစားကြရန်၊ ဆရာ၊ ဆရာမများ ဆုံးမသော စကားကို နားထောင်ကြရန် ပြောကြား၍ အထက်တန်းပြဆရာမ ဒေါ်ဝင့်ဇာလီအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
အာစရိယပူဇော်ပွဲကို အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ ဦးဆောင် ဆောင်ရွက်မှုနှင့်အတူ ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမများကို ပူဇော်ကန်တော့ပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)