ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များအား သွားရောက်တွေ့ဆုံအားပေး ထောက်ပံ့၊ ပြည်နယ်အတွင်းရှိ မြို့များအား သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား အောက်တိုဘာ ၁၃       

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲ သို့ ကချင်ပြည်နယ်မှ သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြိုင်ပွဲဝင်များအား မြစ်ကြီးနားမြို့ ပြည်နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအသင်းရုံး၌ စခန်းသွင်းလေ့ကျင့်ဆောင်ရွက်စေခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ညနေ ၃ နာရီက အဆိုပါအဖွဲ့များ လေ့ကျင့်နေမှုကို သွားရောက်တွေ့ဆုံ အားပေးခဲ့ကြသည်။

ထိုသို့ သွားရောက်တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အဆိုပါရုံးအတွင်း နည်းပြများဖြင့် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ဗဟိုအဆင့် ပြိုင်ပွဲဝင်ကြမည့် ဘာသာရပ်အလိုက်၊ အမျိုးအစားအလိုက်၊ အသက်သတ်မှတ် အဆင့်အလိုက် ပြိုင်ပွဲဝင်များ၏ အဆို၊ အကနှင့် အတီးလေ့ကျင့်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပြိုင်ပွဲဝင်များ အားလုံးနှင့် တွေ့ဆုံပြီး ဗဟိုအဆင့်ပြိုင်ပွဲတွင် မိမိတို့အနေဖြင့် အကောင်းဆုံးယှဉ်ပြိုင်ရမည်ဖြစ်သကဲ့သို့ ဆုတံဆိပ်များ ရရှိရေးအတွက် ရည်မှန်း၍ ကြိုးစားယှဉ်ပြိုင်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အခြား တိုင်းဒေသကြီး/ပြည်နယ်များမှ ညီအစ်ကိုမောင်နှမများနှင့် ချစ်ခင်စည်းလုံးစွာ နေထိုင်ကြရေးနှင့် ကျန်းမာရေးအထူးဂရုစိုက်ကြရေး အားပေးမှာကြားပြီး ပြိုင်ပွဲများအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ကချင်ပြည်နယ်အနေဖြင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲတွင် ဘာသာရပ် (၃၉)မျိုး၊ ရှမ်းတိုင်းရင်းသားအက(၂)မျိုးနှင့် လီဆူ တိုင်းရင်းသား ဖျော်ဖြေရေးအကအဖွဲ့ဖြင့် စုစုပေါင်း ပြိုင်ပွဲဝင်ဦးရေ ၁၁၅ ဦးတို့က သက်ဆိုင်ရာ ဘာသာရပ်အလိုက်၊ သတ်မှတ်အဆင့်လိုက် ဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ် အတွင်းရှိ မြို့များ မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း မြို့များကို မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်စေရေး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ အပတ်စဉ် စနေနေ့တိုင်း သန့်ရှင်းကိုလည်း ပစ္စည်းကိရိယာ အစုံအလင်ဖြင့် ထိထိရောက်ရောက်ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့အပြင် မိမိတို့ ရုံး၊ နေအိမ် ပတ်ဝန်းကျင်များကိုလည်း သန့်ရှင်းနေစေရန် ကြီးကြပ်ဆောင်ရွက်သွားရေး၊ ဦးစားပေးအနေဖြင့် ဆေးရုံများ သန့်ရှင်းသာယာလှပရေး၊ စာသင်ကျောင်းများနှင့် ဘုရားစေတီပုထိုး၊ ကျောင်း၊ ကန်များ သန့်ရှင်းရေးကို ဆောင်ရွက်သွားကြရေး၊ ခရိုင်၊ မြို့နယ်အနေဖြင့်လည်း သက်ဆိုင်ရာမြို့များ သန့်ရှင်း သာယာလှပရေးကို အလေးအနက်ထား အထူးဂရုပြုဆောင်ရွက်သွားကြရေး၊ မြို့ပြများ သန့်ရှင်း သာယာလှပရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် စိတ်ပါဝင်စားစွာဖြင့် မိမိတို့နေထိုင်ရာမြို့၊ ရုံးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်သွားကြရေး မှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ များ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့များသန့်ရှင်းသာယာလှပရေး၊ ရုံးနှင့် ရုံးပတ်ဝန်းကျင်များ သန့်ရှင်းသပ်ယပ်စေရေးနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ စုဖွဲ့ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ စည်ပင်သာယာရေးအဖွဲ့မှ ပြည်နယ်အတွင်း မြို့များအလိုက် ဝန်ထမ်းအင်အား၊ စက် ယန္တရားနှင့် အမှိုက်သိမ်းယာဉ်များ လိုအပ်ချက်များကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က မြို့ပြများ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ရာတွင် မြို့တော်မြစ်ကြီးနားမြို့အား ပန်းမြို့တော် စီမံကိန်းဆောင်ရွက်သကဲ့သို့ လုပ်ငန်းစီမံကိန်းများ စနစ်တကျချမှတ်၍ ဆောင်ရွက်သွားရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်