ဆည်တော်ကြီး ဆည်ရေထုတ်လွှတ်မှုကြောင့် ချောင်းမကြီးချောင်း အနီးရှိကျေးရွာများရေဝင်ရောက်ပြီး မန္တလေး-မိုးကုတ် ကားလမ်းရေကျော်

မတ္တရာ အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံတွင် ယမန်နေ့က ရေဝင်ရောက်မှုများပြားလာသည့်အတွက် ရေထိန်းညှိလျှော့ချခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ချောင်းမကြီး အနီးရှိကျေးရွာများ ရေဝင်ရောက်ပြီး မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်အမှတ် ၂၄/၄နှင့် ၅ ကြားတွင် ရေကျော်လျက်ရှိကြောင်း သိရသည်။

ထို့သို့ ထိန်းညှိလျှော့ချခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ယနေ့နံနက်ပိုင်းတွင် ချောင်းမကြီးအနီးရှိ အနိမ့်ပိုင်းကျေးရွာများဖြစ်သည့် စကားပင်ကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ သပြေသာကျေးရွာအုပ်စု၊ ဆိပ်သာကျေးရွာအုပ်စု၊ ဝန်စုကျေးရွာအုပ်စု၊ ကျောက်စရစ်ကုန်းတောင်ကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်း ရေအနည်းငယ်ဝင်ရောက်ခဲ့သော်လည်း ကျေးရွာနေပြည်သူများမှာ ပြောင်းရွှေမှုမရှိဘဲ ဆက်လက်နေထိုင်ခဲ့ကြပြီး ကျောက်စရစ်ကုန်းမြောက် ကျေးရွာအုပ်စု ဝေါစုကျေးရွာအတွင်း ရေ ၂ပေခန့်ဝန်းကျင် ရေဝင်ရောက်သဖြင့် မူလအိမ်ခြေ(၁၆၇)၊ အိမ်ထောင်စု(၁၈၆)၊ လူဦးရေ(၇၀၅)ဦးရှိရာ အနိမ့်ပိုင်းနေအိမ်များမှ ကျွဲ၊ နွား၊ တိရိစ္ဆာန်များအား ကုန်းမြင့်ရာသို့ ပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။

မန္တလေး-မိုးကုတ် ကားလမ်းပေါ်တွင် ရေ ၁ ပေ ရေကျော်လျက်ရှိပြီး မတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မတ္တရာမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ခရီးသည်များအဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်ရေး လမ်းပိတ်ဆို့မှုမရှိစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)