ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး‌ဆောင်ရွက်၊ မန်ခိန်ရပ်ကွက် မေခဝန်ထမ်းအိမ်ရာအနီး  သက်သာစျေး ရောင်းချပေးနေမှု ကြည့်ရှုအားပေး

မြစ်ကြီးနား အောက်တိုဘာ ၁၃

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်းသာယာလှပပြီး စနစ်ကျသော လူနေမှုပတ်ဝန်းကျင်ကောင်းများ ဖြစ်လာစေရေးနှင့် ရာသီအလိုက် အလှပန်းပင်များဖြင့် ဝေဆာစိမ်းလန်းစိုပြေနေစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ယနေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် မြို့သစ်ကြီးရပ်ကွက်အတွင်း  သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့သည်။

ထိုသို့သန့်ရှင်းရေးဆောင်ရွက်ရာတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများသည်  ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် မြို့သစ်ကြီးရပ်ကွက်အတွင်း နောင်ခမ်းရှမ်းရွာလမ်းဆုံမှ Northern Star ‌ဂေါက်ကွင်းသွားလမ်းအထိ လမ်းဘေး ဝဲ/ယာများတွင် အမှိုက်များ ကောက်ယူ သိမ်းဆည်းခြင်း၊ မြတ်ရိတ်ခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့အား စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဆောင်ရွက်ခဲ့ကြကာ ပြည်ထောင်စုလမ်းမကြီးဖြစ်သည့်အတွက် အစဥ်သန့်ရှင်းသာယာလှပရေး လမ်းဘေး ဝဲ/ယာ စျေးအရောင်းဆိုင်များ ပူးပေါင်းပါဝင်လာစေရန် စည်းရုံး‌ဆောင်ရွက်သွားရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် မန်ခိန်ရပ်ကွက်၊ မေခဝန်ထမ်းအိမ်ရာအနီး ဖွင့်လှစ် ရောင်းချလျက်ရှိသည့် သက်သာချောင်ချိရေး အခွန်လွတ်စျေးသို့သွားရောက်ပြီး ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် ပြင်ပပေါက်စျေးထက် ပိုမိုသက်သာသော စျေးနှုန်းဖြင့် ကြက်၊ ဝက်၊ အမဲ၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ ရောင်းချပေးနေမှု၊ မှော်ဘီဆန်များနှင့် စားသုံးဆီ လက်လီရောင်းချပေးနေမှုများကို ပြည်သူများ စနစ်တကျစီတန်း ဝယ်ယူနေမှုတို့အား ရင်းရင်းနှီးနှီး လိုက်လံအားပေးနှုတ်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ပြည်သူများ အဆင်ပြေ လွယ်ကူစွာဝယ်ယူနိုင်ရေး စီမံဆောင်ရွက်ပေးသွားရန်၊ စားသုံးဆီများအား ရပ်ကွက်နေ ပြည်သူအားလုံး ဝယ်ယူရရှိနိုင်ရေး စနစ်တကျရောင်းချပေးရန်၊ ဟင်းသီးဟင်းရွက်နှင့် သား/ငါးများအား စားသုံးသူ အန္တရာယ်ကင်းရှင်းစေရေး စစ်ဆေးဆောင်ရွက်ပြီးမှ ရောင်းချသွားနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်