ဝမ်းတွင်းမြို့နယ်၌ အခြေခံပညာကျောင်းများတွင် နွားနို့တိုက်ကျွေးရေးအစီအစဥ်များ ဆက်လက် ဆောင်ရွက်

ဝမ်းတွင်း  အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ကျောင်းသူလေးများအား နွားနို့တိုက်ကျွေးရေးအစီအစဥ် (School Milk Programme)များကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ကအ.မ.က(ရိုးရွာ)ကျောင်းတွင်  ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ မေဖြိုးချစ်က ကျောင်းသား၊ကျောင်းသူလေးများအား နွားနို့တိုက်ကျွေးရေးအစီအစဥ် ( School Milk Programme များ ပြုလုပ်ရခြင်းနှင့် စပ်လျဥ်း၍ ကျောင်းနေအရွယ် ကလေးငယ်များ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်၊ အရိုးအဆစ်သန်မာစေရန်၊ နို့သောက်သည့် အလေ့အကျင့် ကောင်းများရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာမူလတန်းကျောင်း(ရိုးရွာ)ရှိ ကျောင်းသား၊ကျောင်းသူ (၂၄၀)ဦး အား နွားနို့များတိုက်ကျွေးခြင်းကို ဒေါက်တာမေဖြိုးချစ်နှင့် ဝန်ထမ်းများက နွေးထွေးစွာ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ နွားနို့တိုက်ကျွေးရေးအစီအစဥ် ( School Milk Programme)ကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မိတ္ထီလာခရိုင် နို့စားနွားမွေးမြူသူများမှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)