မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Clean and Green School ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းဆတ် အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Clean and Green School ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁)နာရီက အ.ထ.က(မိုင်းဆတ်) မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာမှာ စိမ်းလန်းစိုပြေ၍ သန့်ရှင်းသော ကျောင်းမှတစ်ဆင့် သန့်ရှင်းသော ကျေးရွာ၊ သန့်ရှင်းသော မြို့ဖြစ်အောင် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးနိုင်က သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်း ဖော်ဆောင်ရေးဆိုင်ရာ ဆောင်ရွက်ရမည့်အချက်များနှင့် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး အ.ထ.က(မိုင်းဆတ်)မှ ကျောင်းအုပ်ဆရာကြီး ဦးသောင်းအေးက Clean and Green School ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ထားမှုအခြေအနေများ၊ အဖွဲ့များဖွဲ့စည်း၍ တာဝန်ခွဲဝေဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများက Clean and Green School ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က လိုအပ်သည်များ ဖြည့်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)