မိုင်းဆတ် အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အာဖရိကဝက်အပြင်းဖျား ရောဂါကာကွယ်ထိန်းချုပ်ရေး ရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၁)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာကောင်းမြတ်ဟိန်းက ရာသီဥတုပြောင်းလဲမှုကြောင့် အယ်နီညိုသဘာဝဘေးဖြစ်ပေါ်လာပါက ဒေသခံတောင်သူများ၏ မွေးမြူရေးလုပ်ငန်းများအတွက် အကျိုးသက်ရောက်လာနိုင်မှုအခြေအနေများ၊ မွေးမြူရေးတိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရမည့် မွေးမြူရေးဆိုင်ရာလုပ်ငန်းများကို အသိပညာပေးရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မိုင်းဆတ်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦးက တိရစ္ဆာန်ကူးစက်ရောဂါဖြစ်ပွားမှုလျော့နည်းပပျောက်ရေး ဆောင်ရွက်ရမည့်အချက်များ၊ ကာကွယ်ဆေးထိုးနှံရန် လုပ်ငန်းများ၊ တိရစ္ဆာန်များအတွက် အစာရေစာဖူလုံစေရေး ကြိုတင်စုဆောင်းထားရှိရန် အချက်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာကြသည့် နယ်မြေခံတပ်နယ်မှ တာဝန်ခံအရာရှိများနှင့် ဒေသခံပြည်သူတို့က သိရှိလိုသည်များမေးမြန်းရာ ရှမ်းပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာကောင်းမြတ်ဟိန်းနှင့် မိုင်းဆတ်ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦးတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)