စဉ့်ကိုင် အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာ ဗဟုသုတရရှိစေရေး၊ လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉နာရီ က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟော ပြောပွဲနှင့်ပြပွဲများ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဦးသန်းဝင်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကလေးအလုပ်သမားပပျောက်စေရန် ရည်ရွယ်၍ နိုင်ငံတော်မှ ရည်မှန်ချက်များအကြောင်း ကလေးအလုပ်သမားအဓိပ္ပာယ်များကို ဟောပြောခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်ဆန်းက အလုပ်ရှင်များအား ကလေးသူငယ်များ ခိုင်းစေ ရာတွင်အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ်များ၏ အသက်အရွယ်၊ ဥပဒေဖြင့်ကာကွယ်ထားရှိမှုအခြေအနေများကို အသိပညာပေးဟောပြောခဲ့သည်။
အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ပညာရေးဌာနမှ ဆရာကြီး ဦးသန်းဝင်းနှင့် ဆရာမများ၊ စာအုပ် စာစောင်ချစ်မြတ်နိုးသူများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာနံရံကပ် စာစောင်များနှင့် သုတ၊ ရသစာအုပ်များကိုလည်း ခင်းကျင်းပြသထားရာတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)