ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ ဆဋ္ဌမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနား ကျင်းပ

 

ဇမ္ဗူသီရိ အောက်တိုဘာ ၁၃

နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ ဆဋ္ဌမအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ဘူးကွဲရွာဦးကျောင်းတိုက်၌ ကျင်းပရာ မြို့နယ်သံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော် ရှားတောကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တရအရှင်သူမြတ် အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြပြီး ရှေးဦးစွာ "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ 

ထို့နောက် ဇမ္ဗူသီရိမြို့နယ်သံဃနာယကအဖွဲ့၊ အဖွဲ့ဝင်၊ မဟာဝိဇိတာရုံကျောင်းတိုက်ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကေသရိန္ဒထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူငွေများအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြို့နယ်သံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင် ဆရာတော် ရှားတောကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တရအရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ ဆဋ္ဌမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ သုံးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရှိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)