နေပြည်တော် အောက်တိုဘာ ၁၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ကူသပိတ်ကျေးရွာအုပ်စု၊ ကြက်သွန်ခင်းကျေးရွာ၌ အောက်တိုဘာ ၁၀ ရက်နေ့ ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုမှုအခြေအနေနှင့် ယာယီမြေထိန်းနံရံတည်ဆောက်နေမှုအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မှ တပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၂၅၀ ခန့်ဖြင့် ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ယာယီမြေထိန်းနံရံဆောင်ရွက်နေသူများအား ဆီ ၅ ပိဿာနှင့် ကြက်ဥ ၃၀၀ လုံး ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဥတ္တရသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ် ဆက်သွယ်သော လမ်းပေါ်ရှိ တပ်ကုန်းမြို့နယ်၊ ရေအေးကျေးရွာအနီး မိုင်တိုင် ၁၂/၆ အနီး ရွှေတံချူးချောင်းသည် အောက်တိုဘာ ၈ ရက်နေ့က မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ချောင်းအတွင်း ကားလမ်းအောက်ရှိ ရေထွက်ပေါက် ၈ ပေ ၆ ပေ ၂ လုံး သဲနှုန်းများပိတ်ဆို့ကာ ချောင်းမှာတိမ်ကောပြီး မိုးရွာသည့်အခါ တောင်ကျရေကြောင့် စိုက်ခင်းများ ရေလွှမ်းမိုးသဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ပိတ်ဆို့သည့် သဲနှုန်းများကို စက်ယန္တရားများဖြင့် ပြန်လည်တူးဖော်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်လင်းတင်ပြကြသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုပြီး လုပ်ငန်းများ အမြန်ပြီးစီးရေး၊ စိုက်ပျိုးသီးနှံများ ပျက်စီးမှုမရှိစေရေး ဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။ အဆိုပါ သဲနှုန်းများ ပြန်လည်တူးဖော်နေမှုနှင့်ပတ်သက်၍ ဒေသခံတောင်သူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကား ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စု၊ အင်းသာကျေးရွာအနီးရှိ ဆင်သေချောင်းအတွင်း တည်ဆောက်ထားသည့် ကျောက်စီမြေထိန်းနံရံအား ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပြိုကျပျက်စီးမှုအခြေအနေများနှင့် ပြန်လည်ပြင်ဆင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာအတွင်း ပေါင်းလောင်းမြစ်နှင့် ဆင်သေချောင်း ရေဆုံကျသဖြင့် ကျေးရွာအတွင်း ရေဝင်ရောက်ခြင်း၊ စပါးစိုက်ခင်းများရေနစ်မြှုပ်ခြင်းများကို သွားရောက်ကြည့်ရှုရာ ဌာနဆိုင်ရာတာဝန်ရှိသူများက လက်ရှိဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ရေနစ်မြှုပ်သည့် လယ်မြေများအား ရေအမြန်ဆုံး ထုတ်နုတ်နိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအနီး ပေါင်းလောင်းရေလွှဲဆည် ရေထိန်းတံခါး ရေကျော်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ၂၀၁၃ ခုနှစ်တွင် သတ်မှတ်ရေအမှတ်ထက် ၄ ပေ ကျောက်လွန်ခဲ့ကြောင်း၊ ယခုအချိန်တွင် ၃ ဒသမ ၂ ပေ ရေကျော်နေသဖြင့် ရေပိုလွှဲမှ ရေများ ထုတ်လွှတ်လျက်ရှိရာ စိုးရိမ်ရမှုမရှိကြောင်း၊ အန္တရာယ်မရှိကြောင်း ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာဌာနအဖွဲ့ အစည်းများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ကြပ်မတ်ဆောင်ရွက်ခြင်း၊ အများပြည်သူ စိုးရိမ်ထိတ်လန့်မှုမရှိစေရေး အသိပေးဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ဆင်အုံကန် ရေထိန်းတံခါးသို့ ရောက်ရှိ၍ ရေပိုလွှဲမှ ရေထုတ်လွှတ်နေမှုများကို ကြည့်ရှုစစ်ဆေးရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက လက်ရှိရေထိန်းတံခါး၏ ကြံ့ခိုင်မှုအခြေအနေနှင့် ရေဝင်ရောက်မှုအခြေအနေနှင့် ဘေးအန္တရာယ်မဖြစ်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက မြို့နယ်အသီးသီးတွင် ဘေးအန္တရာယ်ဖြစ်ပွားနိုင်သည့်နေရာများအား ကြိုတင်ကာကွယ်ရေး၊ ပြောင်းရွှေ့ရမည့်လုပ်ငန်းများကို စီစဉ်ဆောင်ရွက်ထားရန်လိုကြောင်း၊ ဘေးအန္တရာယ်ကျရောက်ပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အမြန်ဆုံးချက်ချင်းဆောင်ရွက်နိုင်ရေး ကြိုတင်စုဖွဲ့ထားရှိကြရန်လိုကြောင်း၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် သောက်ရေသန့်များ၊ စားနပ်ရိက္ခာများကို ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားရန် လိုကြောင်းတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)