တွံတေး အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီ၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတပြည့်စုံရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့နေ့လယ် ၁နာရီခွဲအချိန် က အိုးဘိုအရှေ့ရပ်ကွက်၊ အခြေခံပညာမူလတန်း (မူလွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် အ.မ.က (မူလွန်)အိုးဘိုအရှေ့ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသိန်း က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးဇော်မိုးလွင်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက်စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့စကားအတိုင်း နိုင်ငံရဲ့အနာဂတ်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေနဲ့ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိစေရန်၊ လူငယ်များစာပေဖတ်ရှု့ခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိရေး အားလပ်ချိန်တွင် စာပေများဖတ်ရှု့စေလိုကြောင်း ပြောကြားခဲ့ကာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအာကာ က စားသုံးရန်မသင့်သော အစားအသောက်များအကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များ ဖတ်ရူလေ့လာခြင်းနှင့် ပြသထားသော ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သတ်သည့် အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရယ် အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမူဆိုင်ရာ သိကောင်းစရာ နံရံကပ်စာစောင်များ၊ မိုးရာသီတွင်ဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေး နံရံကပ်စာစောင်များ ပြသထားရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
တွံတေးသား