ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှတစ်ဆင့် အသိပညာ၊ ဗဟုသုတတိုးပွားရရှိစေရေး ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်မွန်ခိုင်က ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် အခြားဗဟုသုတများ တိုးပွားရရှိစေရေးအတွက် ငယ်စဉ်ကတည်းက စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူထားရှိရေး၊ စာပေဖတ်ရှု မှတ်သားမှု နည်းစနစ်အကြောင်း၊ စာပေဖတ်ရှုမှတ်သားခြင်းဖြင့်ရရှိ လာမည့် အကျိုးကျေးဇူးများအကြောင်း ပညာပေးဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းပိတ်ရက်များတွင် မိမိတို့ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းသို့ လာရောက်၍ ကလေးကြိုက် ပညာပေးရုပ်ပြကာတွန်းများ၊ ပုံပြင်စာအုပ်များ၊ အပတ်စဉ်ထုတ် ရွှေသွေး၊ တေဇ အစရှိသည့် စာအုပ်စာစောင်များကိုလည်း အခမဲ့ ဖတ်ရှု၍ရပါကြောင်း၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲစသည့် ပြိုင်ပွဲများအတွက် အချက်အလက်များ လေ့လာဖတ်ရှု ရှာဖွေစုဆောင်းလိုပါကလည်း မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် လာရောက်ရှာဖွေရန် ဖိတ်ခေါ်ပါကြောင်း အသိပေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် လျှပ်စစ်အန္တရာယ် အကြောင်း အသိပညာပေး နံရံကပ်စာစောင်များနှင့် ပညာပေးရုပ်ပြစာအုပ်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ဝေယံ (IPRD)