မူဆယ် အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်နယ်စပ်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံဖြတ်သန်းသွားလာရေးဂိတ်များဖြစ်သော နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့တွင် ရက်ချိန်းပေးစနစ်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးခဲ့သော ယာယီနယ်စပ်ဖြတ်သန်းသွားလာရေးလက်မှတ်(TBP)များဖြင့် ဝင်ရောက်နေမှုတွင် ယမန်နေ့ နံနက်(၉း၀၀) အချိန်က ဆင်ဖြူဂိတ်၌ ခရိုင်ဦးစီးမှူးမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်မည့် မိဘပြည်သူများအား ဂိတ်စတင်ဖွင့်ချိန်တွင် သတ်မှတ်ရက်နေ့၌ အမှတ်စဉ်အတိုင်းသာ ဝင်ရောက်ရန် သတ်မှတ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မူဆယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင်ထွန်းသည် အောက်တိုဘာလ(၁၁)ရက်နေ့တွင် နန်းတော်ဂိတ်တွင် နယ်စပ်ဖြတ်သန်းသွားလာနေမှုနှင့်ပတ်သက်၍ ကွင်းဆင်းကြည့်ရှုခဲ့ပြီး ယနေ့ အောက်တိုဘာလ (၁၂)ရက်နေ့တွင် ဆင်ဖြူဂိတ်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကာ အောက်တိုဘာလ(၇)ရက်နေ့တွင် ရက်ချိန်းပေးစနစ်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးခဲ့သော ယာယီနယ်စပ်ဖြတ်သန်းသွားလာရေးလက်မှတ်(TBP)များဖြင့် တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်မည့် မိဘပြည်သူများကို ကွင်းဆင်းမေးမြန်းခဲ့ရာ တစ်ဖက်နိုင်ငံသို့ ဝင်ရောက်မည့်သူများသည် နံနက်(၄း၀၀)အချိန်မှ စတင်တန်းစီနေရာယူ ကြိုတင်စောင့်ဆိုင်းနေရကြောင်း သိရှိရ၍ နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တွင် (TBP)ကတ်များ စတင်ထုတ်ပေးသည့် နံနက်(၉း၀၀)နာရီမှ ညနေ(၁၆း၀၀)နာရီအတွင်း အမှတ်စဉ်(၁)မှ စတင်ကာ နန်းတော်ဂိတ်တွင် ဦးရေ(၃၃၀)နှင့် ဆင်ဖြူဂိတ်တွင် ဦးရေ(၂၅၀) နံပါတ်အစဉ်အလိုက်သာ ဝင်ရောက်နိုင်ရန် သတ်မှတ်ဆောင်ရွက်ပေးခဲ့ပါသည်။ သို့ဖြစ်ပါ၍ နယ်စပ်ဂိတ်များတွင် တရုတ်နိုင်ငံသို့ ဝင်ရောက်မည့် ပြည်သူများအနေဖြင့် ကြိုတင်နေရာယူစောင့်ဆိုင်းနေရန် မလိုအပ်တော့ဘဲ မိမိတို့၏ ဝင်ရောက်ရန်သတ်မှတ်ထားသည့် အမှတ်စဉ်ရောက်ချိန်မှသာ လာရောက် (TBP)ကတ်ပြားထုတ်ယူနိုင်မည်ဖြစ်၍ အချိန်ကုန်၊ လူပင်ပန်းမဖြစ်စေဘဲ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်နိုင်တော့မည်ဖြစ်ပါသည်။ ထို့အပြင် ခရိုင်လဝမှူးနှင့် အဖွဲ့ဝင်များက ဆင်ဖြူဂိတ်တွင် (BP)နှင့်(TBP)များဖြင့် ဝင်/ထွက်နေမှုများကို ဆောင်ရွက်ပေးမှုမှတ်တမ်းများနှင့် ဆောင်ရွက်ချက်တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)