နေပြည်တော် အောက်တိုဘာ ၁၃
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်ပြင်ပ မတော်တဆ ထိခိုက်ဒဏ်ရာရ၍ သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်း ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြန်မာ့မီးရထား နေပြည်တော်ဘူတာခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြန်မာ့မီးရထား၊ မြို့ပြအင်ဂျင်နီယာဌာန ဒုတိယအထွေထွေမန်နေဂျာ ဦးဝင်းမင်းဦးက အဖွင့်အမှာစကား ပြောကြားပြီး လူမှုဖူလုံရေးအဖွဲ့ ပြည်ထောင်စုနယ်မြေတာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်အောင်က ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များ အကြောင်းနှင့် ယခုကဲ့သို့ ကျန်ရစ်သူ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးရခြင်း အကြောင်းကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်အောင်က ဒက္ခိဏသီရိမြို့နယ် လူမှုဖူလုံရေးရုံးခွဲတွင် အကျုံးဝင် မှတ်ပုံတင်ထားသော မြန်မာ့မီးရထား (မြို့ပြအင်ဂျင်နီယာဌာန)မှ အာမခံအလုပ်သမား ဦးဘိုဘိုထွန်း၏ လုပ်ငန်းခွင်ရှိရာ နေပြည်တော်ဘူတာကြီးသို့ ဖယ်ရီကားဖြင့် ရောက်ရှိခဲ့ရာ ဖယ်ရီကားပေါ်မှ ဆင်းပြီး ကျန်းမာရေးမကောင်းသော ခန္ဓာကိုယ်ဝနေသည့် ဝန်ထမ်းအား ကူညီပြီး တွဲချရာမှ ခြေချော်၍ ပက်လက်လန် လဲကျကာ ရေမြောင်း အုတ်ဘောင်နှင့် ရိုက်မိခဲ့သဖြင့် ဦးခေါင်းထိခိုက် ဒဏ်ရာရရှိခဲ့သဖြင့် မတော်တဆ ထိခိုက်ဒဏ်ရာရ၍ သေဆုံးခဲ့မှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ခွင့်ပြုငွေကျပ် ၇၂၀၀၀၀၀/-(ကျပ် ခုနှစ်ဆယ့် နှစ်သိန်းတိတိ/-)ကို မိသားစုဝင်များအား ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့် မိတ်ဖက်ပေါင်းစပ် အဖွဲ့ဝင်များ ရှေ့မှောက်တွင် ထုတ်ပေးခဲ့ပြီး မြန်မာ့မီးရထား၊ (မြို့ပြအင်ဂျင် နီယာဌာန)ကိုယ်စား မန်နေဂျာ ဦးသက်ဆွေမြင့်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)