မဘိမ်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မဘိမ်း အောက်တိုဘာ ၂၁    

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် အိတ်ချ်ပီဗီပိုးကြောင့် ဖြစ်သော သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး (HPV)အား ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်ခန့် က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူနာစောင့်များ နားနေဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်၊  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညိုနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော် နိုင် တို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူရဇော် က သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး (HPV) စတင်ထည့်သွင်းထိုးနှံသွား မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ကို အောက်တိုဘာလ ၂ဝ ရက်နေ့မှစ၍ အသက်(၉)နှစ်မှ (၁ဝ)နှစ်အထိ မိန်းကလေးတိုင်းကို သတ်မှတ်ထားသည့် ကာကွယ်ဆေးထိုးစုရပ်များတွင် (၁၂)လခြား၍ (၂)ကြိမ် ထိုးနှံပေးသွားမည်ဖြစ်ပြီး မဘိမ်းမြို့နယ်တွင် အသက်(၉)နှစ်မှ (၁ဝ) နှစ်အထိ မိန်းကလေးရည်မှန်းဦးရေ (၄၉၅)ဦးအား ထိုနှံသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)