မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလှမ်းများရရှိစေရန် အခြေခံစက်ချုပ်သင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်

မိတ္ထီလာ  အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျေးလက်ဒေသများရှိ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလှမ်းများရရှိစေရန် အခြေခံစက်ချုပ်သင်တန်းကို  အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလှမ်းများ ပိုမိုရရှိစေရန်၊ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူးထောင်နိုင်ရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက်လာစေရန်၊ ဒေသထွက် ကုန်ကြမ်းပစ္စည်းများကို အကျိုးရှိရှိ အသုံးချနိုင်စေရန်နှင့် အရည်အသွေမြင့် ထုတ်ကုန်ပစ္စည်းများ ပေါ်ထွက်လာစေရန်တို့ကို ရည်ရွယ်၍ နှစ်စဉ်ကာလရှည်သင်တန်းများ၊ ကာလတိုသင်တန်းများအဖြစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေး လျက်ရှိသည်။

ယင်းသို့ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် ဒေသခံပြည်သူများ ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုစေသည့် ကျွမ်းကျင်သော စက်ချုပ်တက်သူ လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ မိမိတို့၏ စိတ်ကူးအကြံဉာဏ်ဖြင့် ပုံစံအမျိုးမျိုးဖန်တီးချုပ်လုပ်နိုင်စေရန်၊ စက်ချုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်နှင့် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိ စေရန်တို့ကို ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ရာ ၎င်းသင်တန်းကိုသင်တန်းသား (၁၀)ဦးဖြင့် သင်တန်းကာလကို အောက်တိုဘာလ ၁၉ ရက်နေ့မှ စတင်၍ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ (၁)ကြာ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းတွင် ချိတ်လုံချည်၊ သုံးလွှာစကတ်၊ လေးလွှာစကတ်၊ ရင်ဖုံး၊ ရင်စေ့၊ ရင်ဖြတ်ဆက်၊ နောက်ဇစ်တပ်၊ ဘောင်းဘိ၊ ရှပ်အင်္ကျီ၊ သေင်္ဘာသားအင်္ကျီ တို့အပြင် Pattern အမျိုးမျိုးဖြတ်၊ ညှပ်၊ ခေါက်နည်းများကို နေ့စဉ်နံနက် ၉နာရီမှ ညနေ ၄နာရီအထိ စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ရာ ၎င်း သင်တန်းတွင် သင်တန်းကြေးအခမဲ့အပြင် သင်တန်းတွင် လိုအပ်သော ပိတ်စများ သင်တန်းသုံးကိရိယာများ အခမဲ့သုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်ထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)