နောင်တရား အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ဂျင်းစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
“ဂျင်းကို တစ်နှစ်တွင် တစ်ကြိမ်သာ စိုက်လို့ရပါတယ်။ စိုက်ပျိုးရေးစရိတ်တော့ သက်သာတယ်။ ဓါတ်မြေဩဇာ သိပ်မသုံးရဘူး အဓိက သဘာဝကရတဲ့ နွားချေး၊ ကြက်ချေးတွေသုံးတယ်။ သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာကို သုံးရင်ပိုကောင်းပါတယ်။ ယခုနှစ်မှာ မိုးများတော့ ဂျင်းပင်တွေ ပုပ်တဲ့ပြဿာနာ တွေ့ရတယ်။ ဂျင်းဈေးတော့ ကောင်းနေပါတယ်” ဟု ညောင်ချဉ်ကျေးရွာမှ ဂျင်းစိုက်တောင်သူတစ်ဦးက ပြောသည်။
ဂျင်းစိုက်ပျိုးရာတွင် မြေဩဇာကိုလျှော့သုံးပြီး မြေဆွေးနှင့် နွားချေးများကိုသာ ထည့်သွင်း စိုက်ပျိုးကြသည်။ စိုက်ပျိုးထားသည့် ဂျင်းဥမများကို ပြန်လည်ရောင်းချရသည့်အတွက် ဂျင်းစိုက်ပျိုးမှုမှာ အရှုံးနည်းပြီး ဈေးကောင်းရရန်သာ မျှော်လင့်ကြောင်း အဆိုပါ တောင်သူက ပြောသည်။ ဂျင်းဈေးမရှိပါက ဂျင်းဥမများကို ဂျင်းခြောက်ပြုလုပ်၍ သိုလှောင်ကြသည်။ ဂျင်းအခက်အကြီး၊ အသေး၊ မြေနီ၊ မြေဖြူ စသည်တို့ပေါ်မူတည်၍ ဂျင်းဥသစ်အနု တစ်ပိဿာလျှင် ကျပ် ၁၃၀၀မှ ကျပ် ၁၇၀၀ အထိ အရောင်းအဝယ်ပြုလုပ်ကြပြီး ဂျင်းခြောက်တစ်ပိဿာလျှင် ကျပ် ၃၃၀၀ အထိရှိနေကြောင်း အောင်ပန်းကုန်စိမ်းပွဲရုံမှ သိရသည်။
ခွန်အောင်(နောင်တရား)