မိုင်းယန်းမြို့၌ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက် အစီအစဉ်တွင် (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲကျင်းပ

မိုင်းယန်း အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပုံမှန်ကာကွယ် ဆေး ထိုး/ဆေးတိုက် အစီအစဉ်တွင် (HPV)ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံခြင်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Facebook စာမျက်နှာမှ တိုက်ရိုက် ထုတ်လွှင့်လျက်ရှိသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အဖွင့်မိန့်ခွန်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၏ HPV ကာကွယ်ဆေး စတင်ထိုးနှံခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းတို့ကို ကြည့် ရှုခဲ့ကြသည်။

ထို့နောက် မိုင်းယန်းမြို့နယ် ကုသရေးဦးစီးဌာနမှ ဒေါက်တာဖြိုးထွဋ်ဗိုလ်ဗိုလ်ထွန်း က ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်တွင် စတင်ထိုးနှံမည့် (HPV) ကာကွယ်ဆေးသည် သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်နိုင်သောဆေးဖြစ်ကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာရောဂါသည် အမျိုးသမီးတိုင်း မည်သူမဆို အချိန်မရွေးဖြစ်စေနိုင်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

မိုင်းယန်းမြို့နယ်တွင် (HPV) ကာကွယ်ဆေးထိုးနှံခြင်းကို အသက်(၉) နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးငယ်များ အား အောက်တိုဘာလမှ စတင်၍ ပထမအကြိမ် ထိုးနှံပေးသွားမည် ဖြစ်ကြောင်းနှင့် ဒုတိယအကြိမ်ကို (၁၂) လခြား၍ ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထွန်းထွန်းထူး(ပြန်/ဆက်)