ကချင်ပြည်နယ်ဝန်ကြီးချုပ် မြို့တော်ခန်းမသစ် တည်ဆောက်နိုင်ရေး ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား ‌အောက်တိုဘာ ၁

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မြို့တော်မြစ်ကြီးနားမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ ခေတ်နှင့်လျော်ညီသည့် ခေတ်မီ မြို့တော်ခန်းမသစ် တည်ဆောက်နိုင်ရေးအတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ မူလမြို့တော်ခန်းမဟောင်း မြေနေရာ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့တော်ခန်းမသစ်တည်ဆောက်ရေး လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ တာဝန် ယူတည်ဆောက်သွားမည့် JadeLand Myanmar Co.Ltd မှ စီမံကိန်းတာဝန်ခံဒါရိုက်တာ ဦးယွပ်ဆင်ဂေါင်နော်ထွဲက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးက ခန်းမသစ်တည်ဆောက်သွားမည့် စီမံကိန်းလုပ်ငန်းများအား ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ဆက်လက်ကျင်းပရာ သိက္ခာတော်ရ ဆရာတော် ဦးလဘွီးနော်ဘောက်က ဆုတောင်းဆက်ကပ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက သတ်မှတ် နေရာအသီးသီး၌ ပန္နက်ရိုက်တင်ပေး‌ကြကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

အဆိုပါမြို့တော်ခန်းမသစ်ကို မူလမြို့‌တော်ခန်းမမြေနေရာရှိ ခန်းမဟောင်း အလျား ၁၆၅ ပေ× အနံ ၁၀၂ ပေရှိ အဆောက်အဦဟောင်းအား ၂၅ နှစ်ကျော် သက်တမ်းကာလကြာမြင့်လာသည်နှင့် အမျှ ပျက်စီးယိုယွင်းခြင်း၊ ခေတ်နှင့် မလျော်ညီတော့သဖြင့် အဆိုပါ မြေနေရာ၌ ခေတ်မီမြို့တော် ခန်းမသစ် ၁၂၄ပေ × ၁၈၅ပေ×၃၃ပေ RCC အဆောက်အအုံသစ်ကို တည်ဆောက်ရေးကာလ ၂ နှစ် အတွင်း ပြီးစီးအောင်တည်ဆောက်သွားနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်၊ ပထမဘဏ္ဍာနှစ်အတွက် ရန်ပုံငွေကျပ် သန်း ၁၂၀၀ တွင် ရန်ပုံငွေကျပ် ၁၁၈၈ သန်းဖြင့် တင်ဒါ အောင်မြင်သည့် JadeLand Myanmar Co.Ltd က တာဝန်ယူတည်‌ဆောက်သွားမည် ဖြစ်သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုရန် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

ယင်းနောက် Venue 36 Group Of Compaines မှ CEO ဦးအောင်မြတ်ခိုင်က ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ အထောက်အကူပြုစေရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် အထောက်အကူပြုရန် ပြည်နယ်အတွင်းဆောင်ရွက်သွားမည့် မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်း‌‌‌ကျောင်း အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက လုပ်ငန်းစီမံကိန်းများအလိုက် သုံးသပ်ဖြည့်စွက် ရှင်းလင်းတင်ပြ ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်