မလှိုင် အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်ဧက(၅၉၁၉)ဧကမှ စပါးမျိုးစေ့ထုတ်ဧကများ တင်း(၁၀၀)နှင့်အထက်ထွက်ရှိရေး စံပြကွက်များ၊ မျိုးသန့်စံပြရွာ စိုက်ဧကများ၊ မျိုးသန့်စိုက်ခင်းများအတွက် ယူရီယားမြေသြဇာ စုပေါင်းရောင်းချပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
စုပေါင်းရောင်းချပွဲတွင် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကား ပြောကြားရာတွင်၊ ယခုထုတ်ပေးသည့် မြေသြဇာများကို အကျိုးရှိရှိအသုံးချစေလိုကြောင်း၊ သို့မှသာ သီးနှံများအထွက်နှုန်း ကောင်းမည်ဖြစ်ကြောင်း၊ အထွက်ကောင်းမှသာ တောင်သူများလည်း ဝင်ငွေကောင်းပြီး လူနေမှုအဆင့်အတန်း တိုးတက်လာမည်ဖြစ်ကြောင်း၊ တိုင်းပြည်စီးပွားရေးအတွက်လည်းများစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးစန်းယုက မြို့နယ်အတွက် ယူရီယားမြေသြဇာခွဲတမ်းရရှိမှုအခြေအနေ၊ တောင်သူများသို့ ပေးအပ်နိုင်မှုအခြေအနေနှင့် သတ်မှတ်ဈေးနှုန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စပါးသက်တမ်းအလိုက် မြေသြဇာသုံးစွဲမှုအကြောင်း၊ ယူရီယားမြေသြဇာ ဆုံးရှုံးမှုနည်းပါးစေရန်အတွက် နွားချေးမှုန့်မြေသြဇာနှင့် ယူရီယားမြေသြဇာ ရောနှောအသုံးပြုနည်းလမ်းများ၊ ပန်းတိုင်အထွက်နှုန်းရရှိရန် ဆောင်ရွက်ရမည့်နည်းလမ်းများကို ရှင်းလင်းဆွေးခဲ့ပြီး တောင်သူများအား ယူရီယားမြေသြဇာ (၁)ဧကလျှင် အိတ်ဝက်နှုန်းဖြင့် စိုက်ဧက(၅၀၉)ဧကအတွက် ယူရီယားမြေသြဇာ (၅၀)Kg အိတ် (၂၅၅)အိတ်ကို သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချပေးခဲ့သည်။
စုပေါင်းရောင်းချပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးစန်းယု၊ ဆည်/မြောင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းထိန်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်စုစု၊ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းကိုနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်စု(၃၂)အုပ်စုမှ တောင်သူပေါင်း(၄၂၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)