မန္တလေး အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်
ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း၊ လူငယ်များအလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးလုပ်ငန်း၊ အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက မန္တလေးမြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီးဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင်၊ ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှူး ဦးဝင်းဗိုလ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောက်ဆည်ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် စီမံကိန်းလုပ်ငန်း ကြီးကြပ်မှုနှင့် လုပ်ငန်းအကောင်ထည်ဖော်ရေး ကော်မတီဝင်များ၊ သင်တန်းသူများနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ကြသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးအောင်က အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဗိုလ်က အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က သင်တန်းသူ(၅) ဦးအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ချီးမြှင့်ပြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက ထူးချွန်သင်တန်းသူ(၅)ဦးအား ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ကာ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင်က သင်တန်းသူများကိုယ်စား အဖွဲ့ခေါင်းဆောင် (၃)ဦးအား သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် သင်တန်းသူများကိုယ်စား သင်တန်းသူ(၁)ဦးက ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါ စက်ချုပ်သင်တန်းကို ကျောက်ဆည်မြို့နယ်၊ အင်တိုင်းကျေးရွာတွင် ဇူလိုင် ၂၄ ရက်မှ ဩဂုတ် ၂၂ ရက်နေ့ အထိ အခြေခံသင်တန်းအား လည်းကောင်း၊ စက်တင်ဘာ ၆ ရက် မှ ၂၀ ရက်နေ့ထိ မွမ်းမံသင်တန်းအားလည်းကောင်း သင်တန်းသူ (၁၅) ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)